ကမ္ဘောဒီးယားက မြန်မာကို နှာခေါင်းစည်း ၂ သန်း လှူဒါန်း 

ကမ္ဘောဒီးယားက မြန်မာကို နှာခေါင်းစည်း ၂ သန်း လှူဒါန်း 
ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန် (ဓာတ်ပုံ - EPA)

နိုဝင်ဘာ ၂၅၊ ၂၀၂၀ 

ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံကို COVID-19 ကူးစက်မှု ကာကွယ်ရေးတွင် အသုံးပြုရန် နှာခေါင်းစည်း (mask) ခုရေ နှစ်သန်းနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ 

ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး မမ်ဘွန်ဟန် နေပြည်တော်သို့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် လှူဒါန်းသည့် ပစ္စည်းများကို အထူးလေယာဉ်ဖြင့် သယ်ဆောင်လာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ နိုဝင်ဘာ ၂၄ ရက်က ပေးပို့သည့်စာတွင် ဖော်ပြထားသည်ဟု ဖနွမ်ပင်တိုင်းမ် သတင်းက ဖော်ပြသည်။ 

ကမ္ဘောဒီးယားက နှာခေါင်းစည်း နှစ်သန်းအပြင် ချည်သား နှာခေါင်းစည်း တစ်သိန်း၊ N-95 mask နှစ်သောင်း၊ အကာအကွယ်မျက်မှန် နှစ်သောင်း၊ PPE ဝတ်စုံ နှစ်သောင်း၊ လက်ကိုင် အပူချိန်တိုင်းစက် ငါးရာ၊ အထူးကြပ်မတ်ခန်း ICU တွင်သုံးရန် အသက်ရှူကူစက် နှစ်ဆယ် လှူဒါန်းမည် ဖြစ်သည်။ 

စုပေါင်းအားထုတ်ခြင်းဖြင့် ကိုဗစ်-၁၉ တိုက်ဖျက်ရေး အောင်မြင်နိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်းနှင့် ကျွန်ုပ်တို့ အတူတကွ ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်၏ စာတွင် ဖော်ပြထားသည်။  

ပြီးခဲ့သည့်သီတင်းပတ်ကလည်း ကမ္ဘောဒီးယားနိုင်ငံက အိမ်နီးချင်း လာအိုနိုင်ငံသို့ နှာခေါင်းစည်း နှစ်သန်းခွဲ လှူဒါန်းခဲ့ပြီး ဖနွမ်ပင်မြို့တွင် နေထိုင်သူများအတွက်လည်း နှာခေါင်းစည်း နှစ်သန်း ဖြန့်ဝေခဲ့သေးသည်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required