ရှုံးတာနိုင်တာထက် တိုင်းပြည်ကောင်းဖို့အရေးကြီးကြောင်း နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်ပြော

ရှုံးတာနိုင်တာထက် တိုင်းပြည်ကောင်းဖို့အရေးကြီးကြောင်း နိုင်ငံတော်သမ္မတဟောင်းဦးသိန်းစိန်ပြော
Photo - AFP

အောက်တိုဘာ ၂၂ ၊ ၂၀၂၀

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကြရန်နှင့် ရှုံးတာနိုင်တာထက် မည်သူပဲလုပ်လုပ် တိုင်းပြည်ကောင်းစားဖို့အရေးကြီးကြောင်း နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကပြော သည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဉက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဦးသိန်းစိန်မှ ပါတီဝင်များနှင့် ဝန်းရံသူများအား ပေးပို့သည့်သတင်းစကားတွင် ထိုသို့ပြောဆိုထားခြင်းဖြစ်သည်။  

“ ရှုံးတာနိုင်တာကတော့ ရှိမှာပင်ဖြစ်ကြောင်း၊ နိုင်ရင်လည်းဝမ်းမသာနဲ့ ရှုံးရင်လည်း စိတ်မပျက်နဲ့” ဟုနိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကပြောသည်။  

ကိုဗစ်ရောဂါ ကြုံတွေ့နေရချိန်နှင့် ရွေးကောက်ပွဲကာလ တိုင်ဆိုင်နေခြင်းသည် ကံဆိုးမှုဟု မှတ်ယူရမည်ဖြစ်ပြီး မဲသွားပေးပါက ရောဂါကူးစက်ခြင်း မခံရစေရန်အတွက် ထုတ်ပြန်ထားသည့် ညွန်ကြားချက်များနှင့် အညီ စနစ်တကျ ကာကွယ်ကြရန် အထူးလိုအပ်ကြောင်း ၎င်းကဆိုသည်။  

“ ဤရောဂါသည် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး၊ ရဟန်းရှင် လူမရွေး အသက်တွေကို နှုတ်ယူသွားတာဖြစ်လို့ အလွန်ကြောက်ဖို့ ကောင်းပါကြောင်း” ဟူ၍လည်း ဦးသိန်းစိန်ကပြောသည်။  

USDP ပါတီ ဉက္ကဋ္ဌဟောင်းလည်းဖြစ်သည့် နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်သည် လာမည့်ရွေးကောက်ပွဲတင် ပြည်ခိုင်ဖြိုးပါတီအတွက်မဲဆွယ်ပေးမည်ဟုပြောကြားထားသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် လူကိုယ် တိုင်မြေပြင်ဆင်း မဲဆွယ်ပေးခြင်းမျိုး ပြုလုပ်ဖြစ်တော့မည်မဟုတ်ကြောင်း နီးစပ်သူများကပြောသည်။  

အဆိုပါကိစ္စနှင့်ပက်သက်၍ USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက “ မဲဆွယ် စီတန်းလှည့်လည်တဲ့နေရာက၊ ပြည်သူ့ကျန်းမာရေးက ဒီလောက်အရေးကြီးနေတာ၊ နောက်ပြီးတော့ကျတော့ လူကြီးရဲ့ကျန်းမာရေးက ထိလွယ်ရှလွယ်အသက်အရွယ်တွေရနေကြပြီ၊ ဒါကြောင့်မို့လို့ သူ့ရဲ့ကျန်းမာရေးကို ဂရုစိုက်တာဖြစ်ပါလိမ့်မယ်ခင်ဗျ” ဟုဆိုသည်။  

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့ပြီးနောက် ပါတီဥက္ကဌဖြစ်သူ ဦးသိန်းစိန်မှာ နိုင်ငံတော်သမ္မတဖြစ်လာခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ဖွဲ့စည်းသည့် အစိုးရထံ အာဏာလွဲ  ပြောင်းပေးခဲ့သည်။  

တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးအထိတာဝန်ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန်သည် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ကျုံကူးရွာဇာတိဖြစ်ပြီး လက်ရှိတွင် ၎င်း၏မိသားစုနှင့်အတူ နေပြည်တော်တွင်နေထိုင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required