ကယားပြည်နယ်တွင် ပါတီ ၂ ခု၏ ကိုယ်စားလှယ်လောင်းများ ဆိုင်ဘုတ် ဖျက်ဆီးခံရ 

ကယားပြည်နယ်တွင် ပါတီ ၂ ခု၏ ကိုယ်စားလှယ်လောင်းများ ဆိုင်ဘုတ် ဖျက်ဆီးခံရ 
ဓာတ်ပုံ - Khun Thomas

အောက်တိုဘာ ၁၉

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း လိုဘာခိုကျေးရွာအုပ်စု၊ ဆောင်ဒူကျေးရွာတွင် အောက်တိုဘာလ ၁၈ ရက်နေ့က ကယန်းအမျိုးသားပါတီ (KNP) နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ် ဖျက်ဆီးခံရကြောင်း သိရသည်။  

ကယန်း အမျိုးသားပါတီမှ ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ခွန်းမြင့်နိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အယ်လ်မာနှင့် KySDP ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ခူးတလေ (ခ) ပိုးရယ်တို့၏ ဆိုင်းဘုတ် ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း KNP ပါတီမှ အောင်နိုင်ရေးရုံးအဖွဲ့မှူး ခွန်သောမတ်စ်က မဇ္ဈိမကို ပြောသည်။

“အဓိက ကျွန်တော်တို့ ပါတီကို မထောက်ခံတဲ့ လူတစ်ယောက်ပါ၊ အခုလုပ်သွားတဲ့ လူဟာလေ။ ရပ်/ကျေး အဆင့်မှာလည်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ထဲမှာ ပါတယ်လို့ ရွာသားတွေ၊ ကျွန်တော်တို့ကို ထောက်ခံတဲ့လူ တချို့က သတင်းပေးပါတယ်” ဟု ၎င်းက ဆိုသည်။  

ယင်း ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်အား ဖျက်ဆီးသူ၏ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း အင်အားကြီးပါတီ တစ်ခုကို ထောက်ခံသူတစ်ဦး လက်ချက်ဟု ပါတီတာဝန်ရှိသူများက ယုံကြည်ကြောင်း ပြောသည်။  

“ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ထိန်းထားတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော်တို့တွေက ရွေးကောက်ပွဲပြီးရင်တောင်မှ တစ်ရွာတည်းနေရမဲ့ ပုဂ္ဂိုလ်တွေပဲ။ အဲဒီအတွက် ပြဿနာတွေ မဖြစ်အောင် သူ့နာမည်လည်း မဖော်ချင်ဘူး။ နောက်နောင် ဒီလိုမဖြစ်အောင်ဘဲ ရွေးကောက်ပွဲ ကော်မရှင်ကို ဖုန်းလှမ်းဆက်ပြီးတော့ ပြောပေးဖို့ လှမ်းပြောထားတယ်” ဟု ခွန်သောမတ်စ်က ပြောသည်။ 

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြန်လည် ပြောကြားပေးမည်ဟု ပြန်ပြောခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။  

နောက်ဆုံးသတင်းအရ ဖျက်ဆီးခံရသည့် ၎င်းပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ကိုလည်း ထောက်ခံသူ ရွာသားများက ပြုပြင်၍ ပြန်လည် ထောင်ထားပြီး ဖြစ်ကြောင်း သိရသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်တွင်  မဲဆန္ဒနယ် ၃၄ နေရာရှိသည့်အနက် လွိုင်ကော်၊ ဒီမော့ဆို မြို့ နယ်၊ ဖရူးဆိုမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ်၊ ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်တို့တွင် မဲဆန္ဒနယ် ၃၀ ကို KySDP ပါတီ အနေ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကျန် လေးနေရာကို မဟာမိတ် ပြုလုပ်ထားသည့် ကယန်းအမျိုးသား ပါတီက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required