ရွေးကောက်ပွဲအကြိုကာလ အခြေအနေအပေါ် ကာတာစင်တာက သုံးသပ်ချက် စတင်ထုတ်ပြန်  

ရွေးကောက်ပွဲအကြိုကာလ အခြေအနေအပေါ် ကာတာစင်တာက သုံးသပ်ချက် စတင်ထုတ်ပြန်  
Photo - EPA

ရန်ကုန်၊ အောက်တိုဘာလ ၁၄ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဖိတ်ခေါ်ချက်အရ မြန်မာနိုင်ငံတွင် လေ့လာစောင့်ကြည့်နေသည့် ကာတာစင်တာက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အကြိုကာလ အခြေအနေအပေါ် သုံးသပ်ချက်ကို စတင်ထုတ်ပြန်လိုက်သည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပြည်တွင်းရွေးကောက်ပွဲ လေ့လာသူများကို အသိအမှတ်ပြုမှု၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းမှုတို့မှာလည်း အနည်းငယ်သာ ရှိနေပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ပါတီများ၏ မဲဆွယ်မိန့်ခွန်း ထုတ်လွှင့်မှုအပေါ် ကော်မရှင်၏ ဆင်ဆာ ဖြတ်တောက်မှုတို့အတွက် ဝေဖန်မှုကို ရင်ဆိုင်နေရကြောင်း ကာတာစင်တာ၏ အောက်တိုဘာလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများအတွက် ပြန်လည်ပြုပြင်ထားသော လုပ်ငန်းစဉ်တွင် ဥပဒေ၏ အကာအကွယ်နှင့် လုံခြုံရေးပေးမှုတို့ကို တရားဝင်ရယူပိုင်ခွင့်နှင့် မဲလက်မှတ်များပုံနှိပ်ခြင်း၊ ရွေးကောက်ပွဲ အငြင်းပွားမှုဖြေရှင်းမှုများကို လေ့လာနိုင်မည့် သီးခြားခွင့်ပြုချက်များကို ပယ်ဖျက်ခဲ့ခြင်း၊ နိုင်ငံတကာ ရန်ပုံငွေ လက်ခံရယူသည့် အရပ်ဖက်လူ့အဖွဲ့အစည်းများ အနေဖြင့် အသိ အမှတ်ပြုလွှာ လျှောက်ထားရာတွင် မကြာသေးခင်က ပြဋ္ဌာန်းခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး လိုအပ်ချက်များနှင့်အညီ ဆောင်ရွက်ချက်များ အပါအဝင် လိုအပ်ချက်များ ထပ်မံထည့်သွင်းမည်ဖြစ်ကြောင်း အသိပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှသာ ပြန်လည် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည့်အတွက် အဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဖြစ်စဉ် ကနဦး လေ့လာရေးတွင် သက်ရောက်မှုဖြစ်စေခဲ့ကြောင်း ကာတာစင်တာက ဆိုသည်။ 

ကိုဗစ်ကပ်ရောဂါကာလ မဲဆွယ်စည်းရုံးမှု ပြုလုပ်နိုင်ရေး အခက်အခဲကြုံနေချိန် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြည်သူလူထုဆီ မဲဆွယ်စည်းရုံးနိုင်ရေးသည် အဓိက အားထားရာ ဖြစ်လာသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က ပါတီမူဝါဒနှင့် မဲဆွယ်မိန့်ခွန်းပါ အချက်အလက်များကို ဆင်ဆာဖြတ်သည့်အတွက် နိုင်ငံရေးပါတီအချို့က မိန့်ခွန်းမပြောတော့ဘဲ သပိတ်မှောက်ခဲ့ကြသည်။ 

သပိတ်မှောက်ခဲ့သည့် ပါတီများအနက် တစ်ခုဖြစ်သော ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဆင်ဆာဖြတ်တောက်ရသည့် အကြောင်းအရင်းကို ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြား မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ အကြောင်းပြန် ဖြေကြားမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြောသည်။ 

ဦးကိုကိုကြီးက “ကျွန်တော်တို့ကတော့ တရားဝင်လည်း ကော်မရှင်ဆီ စာပို့ထားတယ်။ ဒီလို ပါတီတစ်ခုရဲ့ မူဝါဒတွေကို ဖြတ်တောက်တာ၊ ပယ်ဖျက်တာဟာ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အခြေခံစံချိန်စံညွှန်းတွေ၊ ကျင့်စဉ်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ ခံယူတဲ့အတွက် ကျွန်တော်တို့ ရေဒီယိုရုပ်မြင်သံကြားက ဟောပြောခြင်း မလုပ်တော့ဘူးဆိုတဲ့အကြောင်း စာပို့ထားပါတယ်။ နောက် အဲ့ဒီစာထဲမှာပဲ ပယ်ဖျက်တာတွေက ဘာကြောင့်ပယ်ဖျက်တယ်ဆိုတာ ရှင်းလင်းဖော်ပြဖို့လည်း တောင်းခံထားပါတယ်။ ဘာမှတော့ အကြောင်းပြန်ကြားခြင်း မရှိပါဘူး” ဟု ပြောသည်။ 

ယခင် ယာယီနိုင်ငံသား သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများအနက် အများစုမှာ မွတ်စလင်ရိုဟင်ဂျာများ (မူရင်း) ဖြစ်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့် မရရှိသေးခြင်း၊ ရိုဟင်ဂျာ (မူရင်း) လွှတ်တော် ကိုယ်စားလှယ်လောင်းများ နိုင်ငံသားဖြစ်မှုတွင် လိုအပ်သည့် အကြောင်းပြချက်ဖြင့် ပယ်ချခံရခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒနယ်အတွင်း မဲဆန္ဒရှင်ဦးရေ မညီမျှမှုကြောင့် ဖြစ်ပေါ်လာသည့် ညီမျှမှုမရှိသော ကိုယ်စားပြုမှုနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏  ဆုံးဖြတ်ချက်ကို တရားရုံးများ၌ အယူခံတင်ပိုင်ခွင့် မရှိခြင်းဟူသည့် အချက်များကိုလည်း ထုတ်ပြန်ချက်တွင် ဝေဖန်ထောက်ပြထားသည်။ 

ပါတီများကို ဖျက်သိမ်းခြင်း၊ အရေးယူခြင်း အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်ခုံရုံး၏ အဆုံးအဖြတ်သည် အပြီး အပြတ်ဖြစ်သည်၊ မည်သည့်တရားရုံးတွင်မှ အယူခံတက်ခွင့်မရှိစေရဟု ဖော်ပြထားသည်။ 

“မည်သည့်တရားရုံတွင်မှ တင်ပြလျှောက်လွှဲခွင့် မရှိစေရလို့ ပြဋ္ဌာန်းထားတဲ့ အခါကျတော့ သူက အဆုံးစွန်အာဏာတွေကို ရထားသလို ဖြစ်နေတယ်။ တစ်ဖက်က ကျွန်တော်တို့က ခုခံချေပခွင့်လည်း မရှိဘူး။ အယူခံခွင့်လည်း မရှိဘူးဆိုတာဟာ ဥပဒေရဲ့ အခြေခံအရလည်း တော်တော်ကို ဆန့်ကျင်တယ်လို့ မြင်ပါတယ်” ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ 

စက်တင်ဘာလ ၈ ရက်နေ့ကတည်းက မဲဆွယ်စည်းရုံးရေးကာလ စတင်ခဲ့သော်လည်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေး ကန့်သတ်မှုများ ရှိနေသည့်အတွက် မဲဆွယ်စည်းရုံးမှု အများအပြားကို အွန်လိုင်းမှသာ ဆောင်ရွက်နေရချိန် နိုင်ငံရေးပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အကြောင်း အမုန်းစကားများနှင့် လုပ်ကြံသတင်း များပြားလာသည်ကို တွေ့ရှိရကြောင်းလည်း ကာတာစင်တာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကာတာ စင်တာသည် မြန်မာနိုင်ငံတွင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကိုလည်း လေ့လာခဲ့ဖူးပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် ရွေးကောက်ပွဲပေါင်း ၁၁၁ ခုကိုလည်း စောင့်ကြည့်လေ့လာခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်အရ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ လေ့လာရေး မစ်ရှင်ကို ကာတာစင်တာက စတင်ပြီးနောက် ယခုကဲ့သို့ သုံးသပ်ချက် စတင် ထွက်ရှိလာခြင်း ဖြစ်သည်။ 

မေရိကန် ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာတွင် ရုံးချုပ်ရှိသော ကာတာ စင်တာသည် ရန်ကုန်မြို့တွင်လည်း ရုံးခွဲကို ၂၀၁၃ ခုနှစ်ကတည်းက ဖွင့်လှစ်ထားသည်။ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနှင့် ဇနီး ရိုစလင်း ကာတာတို့က ၁၉၈၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ခြင်း၊ ရောဂါဘယ တိုက်ဖျက်ခြင်း၊ မျှော်လင့်ခြင်း တည်ဆောက်ခြင်း ဆောင်ပုဒ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော အကျိုးအမြတ် မယူ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required