အောက်တိုဘာ ၁
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား တိုင်ကြားထားသည့် ကိစ္စအား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၂ အရ ကော်မရှင် အနေဖြင့် စုံစမ်း စစ်ဆေးခွင့် မရှိကြောင်း အောက်တိုဘာလ ၁ ရက်နေ့ တွင် အကြောင်း ပြန်ကြားသည်။
ဦးအယ်လ်ဖောင်းရှို ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ငွေကြေး သုံးစွဲမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေး ရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြီးခဲ့ သည့် စက်တင်ဘာလ ၈ ရက်နေ့က တိုင်ကြားထားခြင်း ဖြစ်သည်။
ပေးပို့လာသော တိုင်ကြားစာပါ အကြောင်းအရာများမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဌာန်းခြင်း မပြုမီက ကိစ္စများဖြစ်သည့် အပြင် အရေးကြီးသည့် သက်သေခံချက် အသစ်မပါရှိခြင်း တို့ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၂၂ အရ ကော်မရှင် အနေဖြင့် စုံစမ်း စစ်ဆေးခွင့် မရှိကြောင်း ကော်မရှင်၏ အကြောင်း ပြန်ကြားစာတွင် ဖော်ပြပါရှိသည်။
" သူတို့အစိုးရလက်ထက် သူတို့လုပ်နေတဲ့အချိန်မှာတရား ဥပဒေ စိုးမိုးမှုရှိရမယ် ဆိုတဲ့ သူ့ရဲ့ ကြွေးကြော်မှုလည်းရှိတာပေါ့လေ အခုဟာက ဒီလိုဖြစ်နေတာ ဆိုတော့ ဥပဒေ စိုးမိုးရေးဆိုတဲ့ဟာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာပေါ့ မဖြစ်သင့်တဲ့ ကိစ္စပဲလို့ အဲဒီလိုပဲ ပြောချင်ပါတယ်" ဟု တိုင်ကြားသူ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကမဇ္ဈိမကို ပြောသည်။
ထင်ထင်ရှားရှားဖြစ်နေသည့် ကိစ္စရပ်များကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် သမ္မတရုံးတို့က ဥပ ဒေ ကြောင်းအရ အရေးယူဆောင်ရွက်ခြင်းများ မပြုလုပ်သည့်အတွက် ပြည်နယ် ဖွံဖြိုးတိုးတက်ရန် ထိခိုက်မှုများ ရှိလာနိုင်ကြောင်းလည်း ဦးသဲရယ်က ထောက်ပြသည်။
ဦးသဲရယ်သည် ကယားပြည်နယ် ဝန်ကြီးချုပ် အပေါ်စွပ်စွဲ ပြစ်တင်မှု၌ ကယားပြည်နယ် လွှတ်တော်မှဖွဲ့စည်းပေး ထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ကယားပြည်နယ် စာရင်းစစ်ချုပ်၏ အစီရင်ခံစာအပေါ် အခြေခံ၍ ပြည်နယ်ဝန်ကြီးချုပ်အား လွှတ်တော်တွင် စွပ်စွဲ ပြစ်တင်ကြောင်း အဆိုတင်သွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အတွက် တာဝန်မှ ရပ်နားခံခဲ့ရခြင်း ဖြစ်သည်။ လစ်လပ်သွားသည့် ဝန်ကြီးချုပ် နေရာကို ခေတ္တဝန်ကြီးချုပ် အဖြစ် ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးမွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကိုအားခန့်အပ်ထားသည်။
ထို့အပြင် ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် လွှတ်တော် ဥက္ကဌ အမှုကို လာမည့် အောက်တိုဘာလ ၆ ရက် နေ့တွင် e-Court စနစ်ဖြင့် ကြားနာမည် ဖြစ်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ယနေ့ သတင်း ထုတ်ပြန်ထားသည်။
လျှောက်လဲချက် ကြားနာခြင်းနှင့် စပ်လျဉ်း၍ ခုံရုံး ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဃ) အရ အများပြည်သူသိရှိနိုင်စေရန် အောက်တိုဘာလ ၆ ရက်၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် https://youtu.be/ikE_PCleP38 မှ တိုက် ရိုက်ထုတ်လွှင့်သွားမည် ဖြစ်သည်။