“ ကျွန်တော် Election Commentator ”

“ ကျွန်တော် Election Commentator ”

ကိုမျိုးသန့်ရေ

ကျွန်တော့် သက်တန်းတစ်လျောက် တစ်ကြိမ်ပဲ ကြုံခွင့်ရတဲ့ ထူးခြားတဲ့ ရွေးကောက်ပွဲကြီး ကျင်းပ ပြီးသွားပါပြီ။ အခု ရွေးကောက်ပွဲကို ပါတီစုံ တစ်ကယ်ပြိုင်ကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်လို့ ရနိုင်ပေ မယ့် အဲဒီအချိန် ကျွန်တော်က တောတွင်းလက်နက်ကိုင် ဘဝနဲ့ ကချင်ပြည်နယ်မှာ ရောက်နေလို့ပါ။ နောက် တစ်ခု ထူးခြားတာက အခုရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံထဲကို နိုင်ငံတကာ သတင်းဌာနက သတင်း ထောက်တွေ၊ အယ်ဒီတာတွေ အများဆုံး လာရောက်ခဲ့တဲ့ ကာလလို့တောင် ပြောနိုင်တယ်နော။ ဒီလို ထူးခြား တဲ့ ရွေးကောက်ပွဲကြီးအတွက် ကျွန်တော် ဘာလုပ်ပေးနိုင်ခဲ့သလဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆန်းစစ်ကြည့်မိ တယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ပါတီစုံမပါခဲ့ဘူး။ စစ်အစိုးရက သူ့ဖာသာသူ လုပ်ခဲ့တဲ့ ရွေးကောက် ပွဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို ဘယ်လို ဥပဒေတွေနဲ့ ကျင်းပတယ်၊ ဘယ်လို ညွှန်ကြား ချက်တွေအမိန့်တွေ ထုတ်ပြန်တယ်၊ ပါတီတွေ အမတ်လောင်းတွေကဘာတွေ လုပ်ကိုင်ဆောင်ရွက်ကြတယ် စသဖြင့် စသဖြင့် ပြည်သူကို ရှင်းပြဖို့ အသိပေးဖို့ လိုတယ်ဆိုပြီးရွေးကောက်ပွဲ ကိုစောင့်ကြည့် သတင်းရေးသားတဲ့ အလုပ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ် လုပ်ကိုင်ခဲ့ဖူးပါတယ်ဗျာ။ အဲဒီတုန်းကတော့ ရသမျှ သတင်းအချက်အလက် တွေကိုရေး၊ မူကြမ်းတွေအားလုံး ပြင်ပကို အီးမေးလ်နဲ့ လျှို့ဝှက်ပြီး ပို့ခဲ့တယ်။ ဒီမှာတော့ ကိုယ့်ဖာသာကိုယ် တည်းဖြတ်၊ စာပေစိစစ် ဆင်ဆာအဖွဲ့ဆီ တင်ပြ၊ သူတို့ ခွင့်ပြုသလောက် ဖော်ပြတာမျိုး လုပ်ခဲ့ပါတယ်။ အဲဒီအ ချိန်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် လုပ်ထားတာတွေကို ကိုမျိုးညွန့်မောင် အယ်ဒီတာချုပ်လုပ်တဲ့ True News ဂျာနယ်နဲ့ ဆရာဖေမြင့်ရဲ့ ပြည်သူ့ခေတ် ဂျာနယ်တွေမှာ ခွဲဝေ ဖော်ပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဟာ ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ကော်မရှင်အကြောင်း၊ နိုင်ငံရေး ပါတီတွေအကြောင်း၊ ပါတီတွေမှာ ပါဝင်သူတွေအကြောင်း အသိဆုံးသူတွေထဲက တစ်ယောက်ဖြစ် ခဲ့ပါတယ်။ တကယ်တော့ သတင်းသမားဆိုတာ ဘာလုပ်လုပ် အကျိုးရှိပါတယ်။ ၂၀၁၀ မှာ အဲလို လုပ်ကိုင်ထားတဲ့အ တွက် ၂၀၁၅ ရွေးကောက်ပွဲကို အကဲဖြတ်ဖို့ ကျွန်တော့်မှာ သိပ်အခက်အခဲ မရှိတော့ ပါဘူး။ ဒီကြားထဲ ၂၀၁၄ နိုဝင်ဘာမှာ အမေရိကန်ပြည်ထောင်စု ကြားကာလ ရွေးကောက်ပွဲကို သွားပြီး လေ့လာခွင့် ရလိုက်သေးတယ်။ သမ္မတ ရွေးကောက်ပွဲတစ်ခုနဲ့ တစ်ခုအကြားမှာ လုပ်တဲ့ ပါလီမန် လွှတ်တော် ရွေးကောက်ပွဲတွေမို့ သူတို့က ကြားကာလ ရွေးကောက်ပွဲလို့ ခေါ်ကြတာပါ။

ကိုမျိုးသန့်ရေ

အဲဒီ ရွေးကောက်ပွဲမှာ ရုပ်သံမီဒီယာကြီးတွေ သတင်းဘယ်လို လိုက်သလဲ၊ စတူဒီယိုထဲကနေ သတင်း တွေ ဘယ်လိုတင်ဆက်သလဲ ဆိုတာကိုလည်း မြောက်ကာရိုလိုင်းနားမှာ လေ့လာကြည့်ရှုခွင့် ရခဲ့ပါတယ်။ အဲဒီမှာ သဘောကျတာကတော့ တက်လာတဲ့ သတင်းတွေ၊ ရွေးကောက်ပွဲရလာဒ်တွေ ပြည်သူတွေကို ထိုးပြ၊ ပြီးတာနဲ့ အဲဒီဖြစ်ရပ်၊ အဲဒီရလဒ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ သတင်းဝေဖန်သုံးသပ်သူ သတင်းထောက်က တင်ဆက်တာကိုတော့ အကြိုက်နှစ်သက်ဆုံး ပါပဲ။ ပြောခဲ့သလို ပြည်သူတွေ အဲလို ရှင်းကနဲ လင်းကနဲ မြင်အောင် တင်ဆက်တဲ့ သတင်းထောက်ဟာ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူဖြစ်ဖို့ လိုပါတယ်၊ ပြီးတော့ သတင်းဝေဖန် သုံးသပ်နိုင်သူ ဖြစ်ဖို့လည်း လိုပါတယ်။ သိတဲ့အတိုင်း ကျွန်တော်တို့ဆီမှာ က လွတ်လပ်တဲ့ ရုပ်သံက မရှိသေးလေတော့ အဲလိုလုပ်ဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်နေ့နေ့တော့ အဲလိုရရုပ်သံကနေ ရွေးကောက်ပွဲဆိုင်ရာ သတင်းဝေဖန်သုံးသပ် တင်ဆက်နိုင်သူ Election Commentator လုပ်ရရင် ကောင်းမှာပဲလို့ စိတ်ကူးတော့ ယဉ်ခဲ့သဗျား။

ကျွန်တော် ကံကောင်းတယ်ပဲ ပြောရမလား။ ရွေးကောက်ပွဲနီးတော့ အယ်ဒီတာချုပ် ကိုစိုးမြင့်ကနေ မဇ္ဈိမ မီဒီယာအနေနဲ့ ရွေးကောက်ပွဲ သုံးရက်၊ အွန်လိုင်းကနေ Web TV တိုက်ရိုက် ထုတ်လွှင့်တင် ဆက်ဖို့ ရှိနေတယ်။ အဲဒီမှာ တစ်ရက် ၄ ကြိမ် Election Commentator အဖြစ် တင်ဆက်ပေးနိုင်မလားဆိုပြီး ကမ်း လှမ်းပါတယ်။ ဒါနဲ့ ကျွန်တော်လည်း ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။ ကျွန်တော် လုပ်ချင်တာ မြန်မြန် ဆန်ဆန် အကောင်အထည် ဖော်ရတော့မှာပေါ့လေ။

တကယ်တော့ ရွေးကောက်ပွဲကာလ Election Commentator အဖြစ် လုပ်ရတာ သိပ်တော့ လွယ်တာ မျိုးတော့ မဟုတ်ပါဘူး။ ရုပ်သံကုမ္ပဏီက အတော် အင်အားတောင့်ဖို့ လိုပါတယ်။ သတင်းထောက်တွေ အများကြီး ရှိရပါမယ်။ သုတေသန အဖွဲ့တွေရဲ့ အကူအညီကို ရယူရပါမယ်။ နည်းပညာအရ လက်တွေ့ ပြင်ပ မှာ တိုက်ရိုက် ရိုက်ကူးနေတာနဲ့ စတူဒီယိုထဲက တင်ဆက်သူတွေကို တိုက်ရိုက် ချိတ်ဆက်ပြီး ထုတ်လွှင့်နိုင်ဖို့ လည်း လိုပါတယ်။ သိတဲ့အတိုင်း မဇ္ဈိမဆိုတာက ရုပ်သံကုမ္ပဏီ အကြီးကြီး မဟုတ်သေးသလို၊ စက်ပစ္စည်းက ရိယာ ဒီလောက်လည်း အင်အားတောင့်တင်း တာမျိုးတော့ မဟုတ်ပါဘူး။ နောက်ဆုံးတော့ မဇ္ဈိမ သတင်းအ ဖွဲ့နဲ့ ပူးပေါင်းပြီး ကျွန်တော်နဲ့ အယ်ဒီတာချုပ် ကိုစိုးမြင့်တို့ Election Commentator အစီအစဉ်ကို ဖြစ်မြောက် အောင် စီစဉ် ထုတ်လွှင့်နိုင် ခဲ့ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက အင်တာနက် ကွန်နက်ရှင်က သိပ်မကောင်းလေတော့ ဒီအစီအစဉ်ကို အင်တာနက်ကနေ ဖမ်းယူ ကြည့်ရှုနိုင်ဖို့ ဆိုတာ အတော်ခက်ခဲမှာပါ။ နိုင်ငံခြားက ပရိသတ်တွေလောက်ပဲ ကြည့်နိုင်မယ် ထင်ပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် ကျွန်တော်တို့ ရွေးကောက်ပွဲအတွက် အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ပဲ ကျေကျေ နပ်နပ် ပြောရင်း။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required