အစ္စရေးနဲ့ ပုံမှန်သံတမန်ဆက်ဆံရေး ဖြစ်မှုနဲ့ပတ်သက်လို့ ဆော်ဒီနိုင်ငံသားတွေ သဘောကွဲလွဲ

By AFP
17 September 2020
အစ္စရေးနဲ့ ပုံမှန်သံတမန်ဆက်ဆံရေး ဖြစ်မှုနဲ့ပတ်သက်လို့ ဆော်ဒီနိုင်ငံသားတွေ သဘောကွဲလွဲ
Photo - AFP

စက်တင်ဘာ ၁၇

အစ္စရေးနဲ့ ဆော်ဒီအာရေးဗျအကြား ဖြစ်နိုင်ခြေရှိ ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်ရေး သဘောတူညီချက်တစ်ခုနဲ့ပတ်သက်လို့ ထောက်ခံမလား၊ ဆန့်ကျင်မလား ဆိုပြီး ဆော်ဒီအာရေးဗျ နိုင်ငံသားတွေ ချင့်ချိန် စဉ်းစား ရင်း အမြင်သဘောထားတွေ ကွဲလွဲနေကြပါတယ်။

အစ္စရေးဟာ ဝါရှင်တန်ဒီစီ အိမ်ဖြူတော် အခမ်းအနားတစ်ခုမှာ အလားတူ သဘောတူညီချက်တစ်ခုကို ယူအေအီး၊ ဘာရိန်းတို့နဲ့အကြား လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း ခုလို ဆော်ဒီတွေအကြားမှာ သဘောကွဲလွဲမှုတွေဖြစ်ပေါ် နေတာဖြစ်ပါတယ်။

“ပါလက်စတိုင်း အရေးဆိုရင် ၁၉၄၈ ခုနှစ်ကနေ ဒီနေ့အထိ ကာလရှည်တစ်ခုအထိ ဖြစ်နေခဲ့တယ်၊ အဖြေနည်းလမ်းတစ်ခု ခုထိ မရှိသေးဘူးဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်မလဲ၊ အရင်ကာလတွေတုန်းက ဖြစ်ခဲ့တဲ့ အစီအစဉ်တွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ဟာ တကယ့် စစ်မှန်တဲ့ ဖြေရှင်းချက်နည်းလမ်းတွေ မတွေ့ခဲ့ဘူး၊ ဒါကြောင့် ဒီ ဖြစ်နိုင်ခြေ အလားအလာ ရှိတဲ့ ဆော်ဒီ-အစ္စရေး ပုံမှန်သံတမန်ဆက်ဆံရေး ထူထောင်ရေး သဘောတူညီချက်ဟာ ဒေသမှာ ဖြစ်လာခဲ့မယ်ဆိုရင် ဒါက ကြီးကျယ်တဲ့ ပရောဂျက်တစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဘာပြဿနာ ရှိမလဲ၊ ကျွန်တော် ခုနက ပြောခဲ့သလို လူတွေဟာ စစ်ပွဲတွေကို စိတ်ကုန်ငြီးငွေ့နေကြပြီ၊ ဒီ ငြိမ်းချမ်းရေးက အာရပ်နဲ့ အစ္စလမ္မစ် ကမ္ဘာကို အသုံးတော်ခံပါလိမ့်မယ်” လို့ အသက် ၃၄ နှစ်အရွယ် ဆော်ဒီ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဆာ အယ်လ် သာဘက်တီက ပြောပါတယ်။

“ ဒီခေါင်းစဉ်မှာ ငြိမ်းချမ်းရေးက ဘယ်နေရာမှာ ရှိသလဲ၊ သူတို့ (အစ္စရေး) တွေ အားလုံးလုပ်ခဲ့ပြီးအခါကျမှ ငြိမ်းချမ်းရေးတဲ့လား၊ Al Aqsa ဗလီမှာလည်း ကိစ္စအများအပြား ဖြစ်ထားခဲ့တယ်၊ သူတို့ (ဆော်ဒီနဲ့ အစ္စရေး) အကြားငြိမ်းချမ်းရေး ဖြစ်လာဖို့က ခက်ခဲပါတယ်၊ ဒီလိုမျိုး ဖြစ်နိုင်ဖွယ် ဆော်ဒီ-အစ္စရေး ပုံမှန်ဆက်ဆံရေး ဖြစ်ရေးသဘောတူညီချက်ကို ကျွန်တော်ကတော့ မထောက်ခံပါဘူး” လို့ ရီယက်ဒ် ဒေသခံအမျိုးသားတစ်ဦးဖြစ်တဲ့ ဘေဒါက ပြောသွားပါတယ်။

“ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ဖြစ်ရေးကို ကျွန်တော် ဆန့်ကျင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ၁၉၆၀ နောက်ပိုင်းကတည်းက ပါလက်စတိုင်းအရေးကို ငွေကြေးအများအပြားနဲ့ ထောက်ခံခဲ့တာပါ၊ ဒီတော့ ဒီ သဘောတူညီချက်မျိုးနဲ့သာဆိုရင် အစ္စလမ္မစ် ကမ္ဘာမှာ အားထုတ်ကြိုးစားခဲ့တာတွေ အားလုံး အချည်းနှီးဖြစ်သွားပါလိမ့်မယ်” လို့ ရီယက်ဒ်မှာ နေထိုင်တဲ့ ဆော်ဒီ နိုင်ငံသားတစ်ဦးက ပြောပါတယ်။

“ အဲဒီ (ဖြစ်နိုင်ဖွယ် ဆော်ဒီ-အစ္စရေး ပုံမှန်ဆက်ဆံရေး ဖြစ်ရေးသဘောတူညီချက်) သဘောတူညီချက်မျိုးက ယုတ္တိမရှိဘူးလို့ မြင်ပါတယ်၊ အစ္စရေးကြောင့် ကျွန်မတို့ အများကြီး ထိခိုက်ထားခဲ့တယ်၊ အာရပ်နိုင်ငံတွေမှာ ဖြစ်ခဲ့ တာတွေကလည်း အစ္စရေးကြောင့်ပါပဲ၊ ဒီအကြောင်းရင်းကြောင့် ဒါမျိုးကို ကျွန်မတော့ မထောက်ခံပါဘူး” လို့ ရီယက်ဒ်ဒေသခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မက်ရှ်ရှယ်က ပြောပါတယ်။

“ကျွန်မတို့ကတော့ ငြိမ်းချမ်းရေးအတွက် ဆန္ဒရှိပါတယ်၊ ငြိမ်းချမ်းရေးကို ချစ်ပါတယ်၊ ဆော်ဒီအာရေးဗျနိုင်ငံအနေနဲ့၊ အစ္စလမ္မစ်နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်မတို့ဟာ နိုင်ငံအားလုံးနဲ့အကြား ငြိမ်းချမ်းရေး လိုချင်ပါတယ်” လို့ ရီယက်ဒ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required