လေးပွင့်ဆိုင် တွေ့ဆုံရေး အောင်မြင်ပါစေ

လေးပွင့်ဆိုင် တွေ့ဆုံရေး အောင်မြင်ပါစေ

၂၀၁၅ ရွေးကောက်ပွဲကြီးကား အောင်မြင်စွာ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် ရက်များအတွင်း မိမိတို့ပြည်သူများသည် ရွေးကောက်ပွဲကြီးနှင့်အတူ မျောပါလိုက်ပါရင်း စိတ်လှုပ်ရှားနေခဲ့ကြရသည်။ ယေဘုယျ ခြုံပြီးပြောရလျင်တော့မိမိတို့ပြည်သူများပျော်ရွှင်ခဲ့ကြရသည်ဟု ယူဆရပါသည်။ အဘယ့်ကြောင့်ဆိုသော် ရွေးကောက်ပွဲကြီး တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်း ပြီးမြောက် သွားခဲ့ပြီ ဖြစ်သည့်အပြင် မိမိတို့ ပြည်သူအများစု၏ ဆန္ဒအမှန်ကို ထင်ဟပ်သည့် ရွေးကောက်ပွဲရလဒ်များ ကလည်း ပေါ်ပေါက်လာခဲ့ရသောကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲကာလအတွင်း မိမိတို့ ပြည်သူများသည် မိမိတို့၏ဆန္ဒအား အကောင်အထည် ဖေါ်ပေး နိုင်မည်ဟု ယုံကြည်သည့် နိုင်ငံရေးပါတီ အနိုင်ရရေးကို စိတ်အားထက်သန် နေခဲ့ကြရသဖြင့် မိမိတို့ မလိုလား မနှစ်သက်သော ပါတီ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်လောင်းများ အနိုင်ရသွားမည်ကိုလည်း စိုးရိမ်ပူပန်ခဲ့ကြ ရသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ဆန္ဒစွဲအပေါ် မူတည်သည့် အပြောမှား အပြုအမူအမှားများ လည်း ပြောခဲ့မိကောင်း ပြုခဲ့မိကောင်း ရှိခဲ့ကြမည်ဟုလည်း ယူဆရပါသည်။

ဒါကလည်း ပုထုဇဉ်လူသားဖြစ်သ ဖြင့် ဖြစ်ကောင်း ဖြစ်နိုင်ဖို့ ရှိပါသည်။ ယခုတော့ ရွေးကောက်ပွဲကြီး ပြီးမြောက်သွားပြီဖြစ်သည်။ ရွေးကောက်ပွဲကြီးက မည်သည့်အဖြေပင် ထွက်ထွက်ပြည်သူအများစု၏ ဆန္ဒကို ထင်ဟပ်သည့် ရွေးကောက်ပွဲရလဒ်ကို မည်သူမဆို လက်ခံကြရ မည်သာ ဖြစ်သည်။ မိမိ မယုံကြည် မိမိမဲမပေးပဲထားသည့် ပါတီအဖွဲ့အစည်းနှင့် ကိုယ်စားလှယ်လောင်းများ အနိုင်ရခဲ့သည်ရှိသော် ဒါဟာဖြင့် တိုင်းပြည်က ရွေးချယ်သော သူများဖြစ်သည်ဟူသည့် အသိဖြင့် လက်ခံကြ ရမည်သာ ဖြစ်သည်။ သွေဖီ ဆန့်ကျင်ကောင်းသည့်အရာ မဟုတ်ချေ။

ထို့ကြောင့် ရွေးကောက်ပွဲကာလကလေးအတွင်းတွင်မတော့ မိမိတို့ပြည်သူများမှာ စိတ်ခံစားမှုမျိုးစုံ မြင့်မားစွာဖြတ်သန်းလာခဲ့ကြရမည်သာဖြစ်သည်။ သို့သော် ယခုအခါ ရွေးကောက်ပွဲပြီး သွားပြီဖြစ် သည်။ ရွေးကောက်ပွဲအနိုင်ရအဖွဲ့အစည်းများအနေဖြင့်လည်း တိုင်းပြည်စီမံခန့်ခွဲမှုနှင့်အခြားတာဝန်တာထမ်းများကို ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် မိမိတို့တိုင်းပြည်သည် တိုးတက်ဖွံဖြိုးမှု လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ကြရတော့မည် ဖြစ်သည်။

သည်အချိန်တွင်တော့ မိမိတို့သည် ပါတီစွဲ ပုဂိုလ်စွဲများကို ခွာချရပေတော့မည် ဖြစ်သည်။ ရွေးကောက် ပွဲရက်အတွင်း ထားရှိခဲ့သည့် စိတ်မာန်ပြင်းပြမှုတို့ကို တိုင်းပြည်ထူထောင်ရေး လုပ်ငန်းကြီးအတွင်း ဦးလှည့် ပါဝင်ကြရတော့မည်သာ ဖြစ်သည်။ ပါတီအရေး ပုဂိုလ်အရေးများကို မှေးမှိန်ထားကာ အမျိုးသားရေး လုပ်ငန်း ကြီးကို ဝိုင်းကြဝန်းကြရမည်သာ ဖြစ်သည်။

ယခုဆိုလျင် အရွေးကောက်ပွဲ အများစုအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ဥက္ကဌကလည်း လေးပွင့်ဆိုင်တွေ့ဆုံပြီး တိုင်းပြည်အတွက် ဆွေးနွေးတိုင်ပင်ကြဖို့ လူသိထင်ရှားတောင်းဆိုခဲ့သလို ကျန် တိုင်းပြည်တာဝန်ရှိသူများကလည်းပဲ တွေ့ဆုံကြမည် တိုင်ပင်ကြမည်ဟူသည့် စကားကို လူသိထင်ရှားပင် ပြန်ကြားလိုက်ပြီလည်း ဖြစ်သည်။

အနှစ်ချုပ်ရလျင် ခေတ်ဟောင်းသီချင်းတစ်ပုဒ်လိုပင်ဖြစ်သည်။ မိမိတို့ သံသယပျောက်ပါစေ အမှန်ဘ၀ ဆိုက်ရောက်ပါစေလေ ဆိုတဲ့သီချင်းစာသားလိုပင် တိုင်းပြည်ကောင်းကျိုးအတွက် အပြန်အလှန် အသိအမှတ် ပြု အပြန်အလှန်လေးစား အပြန်အလှန် သီးခံခွင့်လွှတ်သည့် အခြေခံများအပေါ်တွင် တိုင်းပြည်ခေါင်း ဆောင်များ အောင်မြင်စွာ ညှိနှိုင်း တိုင်ပင်ဆွေးနွေး နိုင်ကြပါစေကြောင်း တင်ပြလိုက် ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required