ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာ စာသင်ကျောင်းအားလုံး ပြန်ဖွင့်

ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာ စာသင်ကျောင်းအားလုံး ပြန်ဖွင့်

စက်တင်ဘာ ၂ 

ယမန်နှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံး စတင်ပေါ်ပေါက်ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စာသင်ကျောင်းတွေ အားလုံးကို စက်တင်ဘာ ၁ ရက်ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။ 

ခုနစ်လအတွင်း ပထမဆုံးအကြိမ်အနေနဲ့ မြို့တွင်းမှာ ရှိတဲ့ စာသင်ကျောင်းအားလုံး ပြန်ဖွင့်ချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေဟာ နှာခေါင်းစည်းတွေ ကိုယ်စီနဲ့ စာသင်ခန်းတွေထဲ ပြန်ရောက်လာခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ မေလက အထက်တန်းကျောင်းတွေ ပြန်ဖွင့်ထားခဲ့တဲ့နောက် ယခုအခါ မြို့တွင်းမှာရှိတဲ့ သူငယ်တန်း၊ မူလတန်းနဲ့၊ အလယ်တန်းကျောင်းပေါင်း ၂,၈၀၀ လောက်ဆီကို ကျောင်းသား၊ ကျောင်းသူ  ၁ ဒသမ ၄ သန်း နီးပါးလောက် ပြန်ရောက်လာခဲ့ကြပါတယ်။ 

လူအများအပြား စုဝေးမှုတွေ ရှောင်ကြဉ်ဖို့ သတိပေးမှုတွေ ရှိနေခဲ့သလို တရုတ်အလံတွေ ကိုင်မြှောက်ထားကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပုံရိပ်တွေကိုလည်း နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။ 

တချိန်တည်းမှာလည်းပဲ တကယ်လို့များ ဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ ပေါ်လာမယ်ဆိုရင် စာသင်ကျောင်းတွေအနေနဲ့ အွန်လိုင်းသင်ကြားမှုစနစ်ဘက် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားဖို့ အစီအစဉ်တွေကိုလည်း ရေးဆွဲထားပြီးဖြစ်တယ်လို့ မြို့တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်မှာ ပြောထားခဲ့ပါတယ်။ 

ခုလို ဝူဟန်မြို့တွင်း ကျောင်းတွေ အားလုံး ပြန်ဖွင့်ချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းသွားကျောင်းပြန်ချိန်မှာ နှာခေါင်းစည်းတွေ တပ်ကြဖို့နဲ့ တတ်နိုင်သမျှ အများပြည်သူသုံး ဘတ်စ်ကားတွေ၊ ရထားတွေ ရှောင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

တရားဝင် ကိန်းဂဏန်းတွေအရ ဝူဟန်မြို့ဟာ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်ပတ်သက်တဲ့ သေဆုံးသူပေါင်း ၄,၆၀၀ ကျော်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်အတွက် စာရင်းပေါက်နေခဲ့သလို ယင်းမြို့ဟာ ဇန်နဝါရီကုန်ပိုင်းလောက်ကစလို့ နှစ်လကျော်ကြာ တင်းကျပ်တဲ့ လော့ခ်ဒေါင်းတစ်ခုအောက်မှာ ရှိနေခဲ့ပါတယ်။ 

တရုတ်နိုင်ငံမှာတော့ ခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တော်တော်များများ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သလို ဇန်နဝါရီကုန်ပိုင်းက ပိတ်ထားခဲ့ရတဲ့ နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေဟာလည်း တဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required