မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ဖို့ သမ္မတဦးဝင်းမြင့် မှာကြား

မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ဖို့ သမ္မတဦးဝင်းမြင့် မှာကြား
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဩဂုတ် ၂

လာမယ့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းများ မှန်မှန်ကန်ကန် ဖြစ်စေရန်၊ ပြည်သူအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် သမာသမတ်ဖြစ်စေရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မှာကြားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ဦးကြီးမြင့်က “သမ္မတကြီးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း လာသွင်းတာပါ။ မဲစာရင်းတွေ မှန်မှန်ကန်ကန် ဖြစ်စေဖို့၊ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေ မဆုံးရှုံးစေဖို့ အဲဒါကို အဓိက မှာကြားခဲ့ပါတယ်။ ” ဟု ပြောသည်။

သမ္မတဦးဝင်းမြင့်သည် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကေ်ာမရှင် အဖွဲ့ခွဲရုံးမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း လာသွင်းစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၅ ရက် စတင်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းမှာဆိုရင် တိုင်းရင်းသားများ၏ မျိုးနွယ်စုအမည်မှားယွင်းနေခြင်း၊ မိသားစုလိုက် နာမည်စာရင်းမပါခြင်းနှင့် နာမည်နှင့် မှတ်ပုံတင်နံပါတ် မှားယွင်းနေမှုများ ဖြစ်ပေါ်နေသည်။

နိုင်ငံတော် သမ္မတဦးဝင်းမြင့်သည် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့သည့် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဇူလိုင်လ ၂၀ ရက်ကနေ ဩဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် အမည်စာရင်းတင်သွင်းရမည် ဖြစ်သည်။

ယခုနှစ် ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီကနေ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required