ကိုဗစ်-၁၉ ကွာရန်တင်း ဝင်နေသူကို လာတွေ့သည့် သူထံက မူးယစ်ဆေးဝါးများတွေ့

ကိုဗစ်-၁၉ ကွာရန်တင်း ဝင်နေသူကို လာတွေ့သည့် သူထံက မူးယစ်ဆေးဝါးများတွေ့
ကွာရန်တင်း ဝင်နေသူကို လာတွေ့သည့် အမျိုးသား(ပုံ-ဒီမိုးသွေး(မြိတ်)

ကော့သောင်း၊ မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွား အလာ ကန့်သတ်စောင့်ကြည့်(Facility Quarantine Center)ဝင်နေသူကို လာရောက် တွေ့ဆုံသည့် အမျိုး သား တစ်ဦးထံမှ ယနေ့ နံနက်ပိုင်းက WY စာတန်းပါ စိတ်ကြွဆေးပြားများ စစ်ဆေး တွေ့ရှိခဲ့သည်ဟု ကော့ သောင်းမြို့ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီက တာဝန်ရှိသူများမှ ပြောသည်။

ပုံ- ကွာရန်တင်း ဝင်နေသူကို ဧည့်သည်အဖြစ်လာတွေ့စဉ် မူးယစ်ဆေးဝါးများတွေ့(ပုံ- ဒီမိုးသွေး(မြိတ်)

ကွာရန်တင်း ဝယ်နေသူအား မူးယစ်ဆေးဝါးနှင့်အတူ လာတွေ့သည့် အမျိုးသားမှာ အသက် ၁၉ နှစ်အရွယ် ရှိပြီး ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲလမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ် ပိတောက်ရွှေဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သက်နိုင်က “ဖြစ်စဉ်က ဟုတ်ပါတယ်၊ မူးယစ် ဆေးဝါး တွေ မိတာပါ။ Quarantine ဝင်နေတဲ့ အထဲက တစ်ယောက်က အပြင်လူကို ဖုန်းနဲ့ လှမ်းမှာ တယ်လို့ သိရပါ တယ်၊ ဧည့်တွေ့ ယောင်ဆောင်ပြီး လာတဲ့သူက ခေါက်ကြေး ပို့ခ ၅၀၀၀ ရလို့ လာပို့တယ်”ဟု ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ အထက (ခွဲ) အ.လ.က (၂) ကျောင်းအတွင်း Facility Quarantine Center ဝင်နေသည့် အမျိုးသား တစ်ဦးအား အစားအသောက်နှင့်မုန့် ထုပ်များ ပေးလို သည့်အတွက် တွေ့ဆုံလိုကြောင်း ပြောရာ သက်ဆိုင်ရာ တာဝန်ရှိသူများက မသင်္ကာ၍ ခေါ်ယူ စစ်ဆေးစဉ် WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈ ပြားကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကော့သောင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူကို  မယ(ပ) ၉၈/၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ ကွာရန်တင်းဝင်နေစဉ် မူးယစ်ဆေးဝါး မှာသည်ဟု ယူဆရသူကိုလည်း စစ်ဆေးနေကြောင်း ကော့သောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး ရဲလွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required