မြန်မာနိုင်ငံ၏ ပထမဆုံးကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အမှတ် (၁) ယနေ့ တီးတိန်ဆေးရုံက ဆင်းပြီ

မြန်မာနိုင်ငံ၏ ပထမဆုံးကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အမှတ် (၁) ယနေ့ တီးတိန်ဆေးရုံက ဆင်းပြီ

ရန်ကုန်၊ ဧပြီ ၃၀

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဦးဆုံးစစ်ဆေးတွေ့ရှိသည့် ချင်းပြည်နယ်မှ အတည်ပြုလူနာ အမှတ် (၁) သည်  Negative (ပိုးမတွေ့) နှစ်ကြိမ်ပြသဖြင့် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှ ဧပြီလ ၃၀ရက်နေ့ မနက်အစောပိုင်းက ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ဆိုသည်။

“ဒီနေ့ပဲ ဆေးရုံကဆင်းတာပါ။သူမှာ ပိုးမရှိတော့လို့ပေါ့။အခု နှစ်ကြိမ် ထပ်စစ်ထားတာ နှစ်ကြိမ်လုံး မတွေ့ရတော့တာပါ။ဆေးရုံဆင်းပြီးရင်လည်း ထပ်စောင့်ကြည့်ရဦးမှာပါ”ဟု ၎င်းက ပြောသည်။

 အဆိုပါ လူနာအမှတ် (၁)ကို  ရောဂါပိုးရှိ၊မရှိ (၆)ကြိမ်စစ်ဆေးခဲ့ပြီး နောက်ဆုံးစစ်ဆေးသည့် နှစ်ကြိမ်မြောက်တွင် Negativeနှစ်ကြိမ်ပြခြင်း ဖြစ်သည်။

လက်ရှိတွင် အတည်ပြုလူနာအမှတ်(၁)ကို Hotal Quarantine ထား၍ စောင့်ကြည့်ရန်စီစဉ်ထားသော်လည်း အခြားသူများနှင့် ထိတွေ့မှုမရှိစေရန် နှင့် ပိုမိုစိတ်ချရစေရန်အတွက် ၎င်း၏ နေအိမ်တွင်သာထားပြီး ၁၄ရက် စောင့်ကြည့်သွားမည်  ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ဆက်လက် ပြောကြားသည်။

“negative နှစ်ခါဖြစ်ပြီဆိုတော့ စိတ်တော့ချရပြီပေါ့။ဒါပေမယ့် ၁၄ရက်စောင့်ကြည့်ရမယ်ဆိုတော့ အများနဲ့ ရောရောနှောနှော မနေဖို့ စီစဉ်ထားတယ်။ သူကိုယ်တိုင်လည်း  ရောဂါဖြစ်ထားတဲ့သူဆိုတော့ ပိုပြီးအနေအထိုင်ဆင်ခြင်မှာပါ”ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။

အသက် ၃၆နှစ်အရွယ် လူနာအမှတ် (၁)သည် အမေရိကန်နိုင်ငံသား၊ဂရင်းကတ် ကိုင်ဆောင်ထားသူဖြစ်ပြီး မင်္ဂလာဆောင်ကျင်းပရန် မတ်လ ၁၃ရက်နေ့တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာ ချင်းပြည်နယ်၊ ကပ်တဲလ်ရွာတွင် တည်းခိုခဲ့သည်။

 တည်းခိုနေစဉ် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း ဝေဒနာများကို ခံစားခဲ့ရသဖြင့် ဆေးခန်းသွားရောက်ပြခဲ့ပြီး တီးတိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ မတ်လ ၂၃ရက်နေ့မှစတင်ကာ တစ်လကျော် ဆေးကုသခံခဲ့သည်။

 ၎င်းမှတဆင့် မိခင်ဖြစ်သူ လူနာအမှတ် ၂၃၊ ညီမဖြစ်သူ လူနာအမှတ် ၈၈နှင့် ကပ်လ်တဲရွာတွင် ၄င်းညအိပ်တည်းခိုခဲ့သည့် နေအိမ်မှ အမျိုးဖြစ်သူ လူနာအမှတ် ၃၁တို့ကို ကူးစက်ခဲ့သည်။

လက်ရှိ ချင်းပြည်နယ်တွင် ပိုးတွေ့လူနာ ၄ ဦးရှိနေပြီး တီးတိန်ပြည်သူဆေးရုံတွင် သုံးဦး၊ ဟားခါးပြည်သူ့ဆေးရုံတွင် တစ်ဦး ဆေးကုသလျှက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာလည်း မစိုးရိမ်ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required