ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ကာ AA က တရုတ်လက်နက်များတင်သွင်း

By Subir Bhaumik / EasternLink
23 April 2020
ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ကာ AA က တရုတ်လက်နက်များတင်သွင်း

ဧပြီ ၂၃

ရခိုင်ကမ်းရိုးတန်းနှင့်ချင်းပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ပဋိပက္ခတိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ရခိုင့်တပ်ဖွဲ့ (AA) သည် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းဒေသကိုဖြတ်ပြီး လက်နက်ခဲယမ်းမီးကျောက်များကို တင်သွင်းခဲ့သည်။

အဆိုပါစစ်လက်နက်ပစ္စည်းများတွင် ချေမှုန်းရေး ရိုင်ဖယ်သေနတ်အလက်၅၀၀၊ စက်သေနတ် အလက် ၃၀ ၊  ကျည်ဖူး ၇၀ ၀၀၀ နှင့် လက်ပစ်ဗုံးများပါဝင်ပြီး ဖေဖော်ဝါရီ တတိယပတ်က ရေကြောင်းဖြင့် သယ်ဆောင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းအစပ်နှင့် သိပ်မဝေးသော Monakhali ကမ်းခြေတွင်   ချခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ဟောင်ကောင်မှ သတင်းထောက်များစွာ၏အကူအညီနှင့်အတူ စာရေးသူ၏ ဦးဆောင်မှုဖြင့် The Easternlink  စုံစမ်းစစ်ဆေးမှုတွင် လက်နက်တင်သွင်းခဲ့ကြောင်း ပြည့်စုံခိုင်လုံသည့် အထောက်အထားများ တွေ့ရှိခဲ့သည်။  စစ်တကောင်းတောင်တန်းရှိ ရွာများမှ ရခိုင်လူမျိုးအထမ်းသမား ၁၅၀ နီးပါးနှင့် AA တပ်သား ၅၀ ခန့်တို့သည် တောင်တန်းနယ်စပ်ဒေသများဖြစ်သည့် Gundum နှင့် Rejupara ၊ Uhalapalonh နှင့် Paglirara စသည်တို့ကိုဖြတ်ကာ လားကောင်များအသုံးပြု၍ အဆိုပါလက်နက်များကို ခြေလျင်သယ်ခဲ့ကြသည်။ ထို့နောက် Matamuhuri-Snagua ဘေးမဲ့တောနှင့် Singpa ရွာကို ပတ်သွားကာ ထန်ချီပြည်နယ် ဆန်ဒက်အနီးရှိ AA စခန်းသို့ မတ်လ ၂ ရက်တွင်ရောက်ရှိခဲ့ကြသည်။  အနီးဆုံးဘင်္ဂလားဒေ့ရှ်တပ်စခန်းများသည် ထိုတောင်ပေါ်ဒေသများသို့ ကင်းလှည့်ခြင်းမရှိသလို Alikadam တပ်မြေနှင့်လည်း ဝေးသည်ဟုဆိုသည်။

ကောက်စ်ဘဇားနှင့် ဘန်ဒါဘန်ရှိ သတင်းထောက်များပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်နှင့်လေတပ်များသည် ပြီးခဲ့သည့်နှစ်များအတွင်း AA နှင့် စစ်ဆင်ရေးတစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဟု သိရသည်။ ထို့ကြောင့် AA အနေဖြင့် လက်နက်များကို အနှောက်အယှက်မရှိ သယ်ဆောင်လာနိုင်ခြင်းမှာ အံ့ဩဖွယ် မရှိပေ။

AA သည် ဤသို့ ဆန်ဒက်သို့ လက်နက်ခဲယမ်းများစွာကို သယ်ဆောင်ပြီးနောက် တောင်မီဇိုရမ်ရှိ Para စင်္ကြံ ကို အသုံးပြု၍ ရခိုင်သို့လည်း လက်နက်များ မှောင်ခိုတင်သွင်းခဲ့သည်။ မီဇိုရမ်ပြည်နယ်သည် အေးချမ်းပြီး ဒေသတွင်းသောင်းကျန်းမှုများမရှိသောကြောင့် Assam Rifles အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့သည် Parva ဒေသတွင် ခပ်ပါးပါးသာ တပ်ဖြန့်ထားသည်။

AA အဖွဲ့သည် မတ်လက မီဇိုရမ်-စစ်တကောင်းတောင်တန်းလမ်းကြောင်း-ချင်း သုံးပွင့်ဆိုင်ဒေသရှိ Parva စင်္ကြံကို ဖြတ်၍ လက်နက်ခဲယမ်းများကိုသယ်ဆောင်သည့်လှုပ်ရှားမှုရှိခဲ့ကြောင်း  ယုံကြည်စိတ်ချရသည့် အစီရင်ခံချက်များရရှိထားသည်ဟု Assam Rifles လက်နက်ကိုင်တပ်၏ ထိပ်ပိုင်း အရာရှိများက Easterlink အား အတည်ပြုပြောကြားခဲ့သည်။ တရုတ်နိုင်ငံပိုင် လက်နက်ပစ္စည်းထုတ်လုပ်သည့် Norinco ကုမ္ပဏီသည် တခြားဟန်ပြနည်းလမ်းများကို အသုံးပြု၍ AA ကဲ့သို့သော လက်နက်ကိုင်တပ်ဖွဲ့များ ကိုလက်နက်များထောက်ပံ့ကြကြောင်း ဘန်ကောက်အခြေစိုက် အာရှလက်နက်မှောင်ခိုကူးမှုရေးရာ ကျွမ်းကျင်သူ တစ်ဦးက Easterlink ကို အတည်ပြုပြောကြားခဲ့သည်။

AA သည် ကချင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်၌ စတင်ဖွဲ့စည်းကတည်းက တရုတ်နှင့် ခိုင်မာသောချိတ်ဆက်မှုများရှိခဲ့သည်ဟု ဆိုသည်။ AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “တရုတ်က အိန္ဒိယလိုမဟုတ်ဘူး၊ ကျွန်တော်တို့ကို အသိအမှတ်ပြုတယ်” ဟု ပြောသည်။ ထို့ကြောင့် AA သည် ကျောက်ဖြူရှိ တရုတ်ပိုင် ရေနက်ဆိပ်ကမ်းစီမံကိန်းကို  အနှောက်အယှက်တစ်စုံတစ်ရာမပြုဘဲ ကုလားတန်စီမံကိန်းနှင့်ပတ်သက်သော အိန္ဒိယဆောက်လုပ်ရေး အလုပ်သမားများကို ပြန်ပေးဆွဲခဲ့ခြင်းဖြစ်နိုင်ပေသည်။

AA  သည် လက်နက်များကို ဆန်ဒက်အခြေစိုက်စခန်းသို့ပို့ဆောင်ပြီးနောက် Thanchi-Naikhong-Farua-Parva-Paletwa လမ်းကြောင်းတစ်လျှောက်ရှိ တပ်ဖွဲ့ငယ်များထံသို့ ထပ်မံပို့ဆောင်ခဲ့ကြသည်။ AA သည် ပလက်ဝ တွင် တပ်အင်အားအပြည့်အဝထားရန် စိတ်အားထက်သန်နေရခြင်းအကြောင်းမှာ မြန်မာ့ရေတပ် တပ်စွဲထားသည့် ရခိုင်ကမ်းရိုးတန်းကို ဖြတ်သန်းရခြင်းထက် လက်နက်များကို ရေကြောင်းဖြင့် ပလက်ဝမြို့ကို ပို့ဆောင်ရခြင်း  က ပိုမိုလွယ်ကူသောကြောင့် ဖြစ်သည်။

AA နှင့်နီးစပ်သော ရခိုင်သတင်းရင်းမြစ်တစ်ခုအရ AA တို့ သယ်ဆောင်ခဲ့သည့်လက်နက်များထဲတွင် ရဟတ်ယာဉ်များ၊ ဒရုန်းများနှင့် တိုက်လေယာဉ်ကို ပစ်ချနိုင်သော F-6 တရုတ်ဒုံးလက်နက်များပါသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required