နေပြည်တော် စည်ပင် ကိုဗစ် စောင့်ကြည့်ရေးစခန်းမှ စည်းကမ်းမလိုက်နာသူ ၃ ဦးကို အမှုဖွင့်

နေပြည်တော် စည်ပင် ကိုဗစ် စောင့်ကြည့်ရေးစခန်းမှ စည်းကမ်းမလိုက်နာသူ ၃ ဦးကို အမှုဖွင့်
ဓာတ်ပုံ- သန်းထိုက်အောင် (မဇ္စျိမ)

နေပြည်တော် ဧပြီ ၁၄

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ အမှတ်၁က ပြည်တော်ပြန် သုံးဦးဟာ သတ်မှတ်စည်းကမ်းတွေကို မလိုက်နာတာကြောင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၃၀(က)နဲ့ အမှုဖွင့်ပြီး ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ရဲစခန်းမှာ စစ်ဆေးနေပါတယ်။

အရေးယူခံရတဲ့ သုံးဦးဟာ သတ်မှတ်စည်းကမ်းတွေကို မလိုက်နာဘဲ အဆောင်ကူးတာနဲ့ စျေးရောင်းတာကြောင့် ဖြစ်တယ်လို့ စောင့်ကြည့်စခန်းရဲ့ ကျန်းမာရေးတာဝန်ခံဖြစ်တဲ့ ဒေါက်တာအုပ်စိုးလင်းက ပြောပါတယ်။

အမှုဖွင့်အရေးယူခံထားရသူတွေဟာ လယ်ဝေးမြို့နယ်ထဲက လင်မယားနှစ်ဦးနဲ့ ပုပ္ပသီရိမြို့နယ်ထဲက အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ စောင့်ကြည့်စခန်းမှာ အမျိုးသမီးနဲ့ အမျိုးသားအခန်းခွဲထားတာကို မလိုက်နာဘဲ ဇနီးအခန်းကို သွားရောက်နေထိုင်တာကြောင့် လင်မယားနှစ်ယောက်စလုံးကို အမှုဖွင့်ခဲ့တာ ဖြစ်သလို နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ အခန်းမှာ ဆေးလိပ်နဲ့ကွမ်းတွေရောင်းတာကြောင့် အမှုဖွင့်အရေးယူခံရတာ ဖြစ်ပါတယ်။

ပုဒ်မ ၃၀ (က) ကတော့ ပြစ်မှုကျူးလွန်ကြောင်း စီရင်ခြင်းခံရရင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required