ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်ထိ၍ မိန်းကလေးအပါအဝင် ၉ ဦး သေဆုံး၊ ၆ ဦး ဆေးကုသမှု ခံယူနေ

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည်ထိ၍ မိန်းကလေးအပါအဝင် ၉ ဦး သေဆုံး၊ ၆ ဦး ဆေးကုသမှု ခံယူနေ
ဓါတ်ပုံ CJ

ဧပြီ ၁၃

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် ဧပြီလ ၁၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်က လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲ၍ အရပ်သား (၉) ဦးသေဆုံးပြီး ၆ ဦးကို အရေးပေါ်ဆေးရုံပို့ဆောင်ထားရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ပြောသည်။

အဆိုပါ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်ဆိပ်ကျေးရွာသား ၄ ဦးမှာ ပွဲချင်းပြီး သေးဆုံးခဲ့ခြင်း ဖြစ်ပြီး ပုဏ္ဏားကျွန်းဆေးရုံတွင် ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကာ ၈ ဦးကို စစ်တွေဆေးရုံသို့ပို့ဆောင်စဉ်လမ်းတွင် ၂ ဦး ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

ကျောက်ဆိပ်ကျေးရွာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ကျောက်ဆစ်ရွာမှာ ပွဲချင်းပြီး ဆုံးတာက ၄ ဦး၊ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆုံးတာ ၃ ဦး၊ နောက်ထပ် စစ်တွေကို အရေးပေါ် လူနာတင်လို့ လမ်းမှာ ဆုံးတာက ၂ ဦး ပေါင်း ၉ ဦး သေဆုံးတာ။” ဟု ပြောသည်။

သေဆုံးသူများမှာ ထက်မြတ်ဦး (၁၃) နှစ်၊ ဒေါ်သန်းသန်းစိုး (၂၅) နှစ်၊ ဦးလူလှချေ (၁၈) နှစ်၊ ဦးနီထွန်း (၂၆) နှစ်၊ ဦးမောင်မောင်ချေ (၂၂) နှစ်နှင့် အောင်ဆန်းနိုင် ၁၆ နှစ်တို့အပါအဝင် ပေါင်း (၉) ဦး ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က အတည်ပြုပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ကျောက်ဆိပ်ကျေးရွာသည် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် (၂) မိုင်ခန့်သာ ဝေးကွာပြီး ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဟု ဒေသခံများက ပြောသည်။

မည်သည့်ဖက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆံဆိုသည်ကိုတော့ အတိအကျ မသိရသေးပေ။

ပုဏ္ဏားကျွန်းမြို့အဝင်တွင်တည်ရှိသည့် အမှတ် (၅၅၀) ခြေလျင်ခြေမြန်တပ်ရင်း ရှိကြောင်း  ဒေသခံများက ပြောဆိုကြသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိမှာ သေဆုံးသူရုပ်အလောင်းများကို ကျေးရွာအတွင်း သင်္ဂြုလ်နေကြပြီး ရွာသားအများစုမှာလည်း နီးစပ်ရာ ကျေးရွာများတွင် သွားရောက် ခိုလှုံနေကြရကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသည်မှာ (၁) နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ အရပ်သားများသေဆုံးမှုလည်း မြင့်တက်လာနေသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်းဒေသတွင် သိန်းချီသော ဒေသခံများမှာလည်း စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly