ဧပြီလ ၈
COVID-19 ကိုရိုနာဗိုင်းရပ်စ် အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါ ကို တိုက်ဖျက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၂ ဦးပါလာသည့် အဖွဲ့ က မြန်မာဆေးပညာရှင်အဖွဲ့ နှင့် နှစ်ပတ်ကြာ ပူးပေါင်း ဆောင်ရွက်သွားမည် ဟုသိရသည်။
ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာသည့် ယူနန်ပြည်နယ် က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကို ကြိုဆိုနေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က “ ဆေးသုတေသနအဖွဲ့တွေနဲ့ ဆွေးနွေးမယ် ၊ အမျိုးသားဓာတ်ခွဲနဲ့ ဆွေးနွေးမယ်။ ဝင်ရောက်ပြီးတော့ ကူညီပေးမယ်။ ဓာတ်ခွဲစစ်ဆေးတာတွေလည်း အကုန်လုပ်ပေးမှာပါ။
တော်တော်ကို ကျွန်တော်တို့နိုင်ငံအတွက် အများကြီးအကျိုးရှိပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုပြီးတော့ အားဖြစ်တဲ့သဘော ဖြစ်သွားတာပါ “ ဟု မီဒီယာများကိုဖြေကြားခဲ့သည်။
တရုတ်ဆေးပညာရှင်အဖွဲ့အနေဖြင့် အထူးသီးသန့်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆေးပစ္စည်းများ ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ၊ အကာအကွယ်ပစ္စည်းများ နဲ့အတူ ရောက်ရှိ လာခဲ့တာ ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံမတ် Mr.Chen Hai က “ အခုဆေးပညာရှင်အဖွဲ့ က မြန်မာနိုင်ငံရဲ့ အခုရောဂါဖြစ်ပွားတဲ့အခြေအနေကို နှစ်နိုင်ငံညှိနှိုင်းမှုအပေါ် မူတည်ပြီးတော့ အခုလောလောဆယ် မြန်မာ နိုင်ငံမှာ နှစ်ပတ်ကြာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရောဂါတိုက်ဖျက်ရာမှာ ထိရောက်မှုတွေရရှိလာပါတယ်။ တရုတ်ဆေးပညာရှင်လာတဲ့အခါ တရုတ်နိုင်ငံရဲ့အတွေ့အကြုံများကို မြန်မာ နိုင်ငံကိုအပြည်အ လှန်မျှဝေပေးမှာဖြစ်ပါတယ်။ ဆေးကုသရေးအပိုင်းမှာလည်းအတူတကွ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ် “ ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် COVID -19 ရောဂါ ပိုးတွေ့ရှိသူ ၂၂ ဦးအထိ တွေ့ရှိထားသည့်အထဲမှ သုံးဦးသေဆုံးထားသည်။