“ရွေးကောက်ပွဲ၊ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်”

“ရွေးကောက်ပွဲ၊ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်”

အခုဆို ရွေးကောက်ပွဲ ကျင်းပဖို့ ၅ ရက်လောက်ပဲ လိုပါတော့တယ်။ တစ်နိုင်ငံလုံးအနှံ့ မဲဆွယ် စည်းရုံးရေးခရီးတွေ လှည့်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နောက်ဆုံးပိတ် ပွဲတစ်ခုကို နိုဝင်ဘာ ၁ ရက်နေ့က ကျင်းပပြီးသွားပါပြီ။ ကျင်းပခဲ့သမျှ အောင်နိုင်ရေးပွဲတွေမှာ လူဦးရေအများဆုံး တက်ရောက် တယ်လို့ ဆိုကြတဲ့ ရန်ကုန် သုဝဏ္ဏ မြို့ဦးစေတီကွင်းမှာလုပ်တဲ့ လူထုစည်းရုံးပွဲမှာ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီကို မဲပေးဖို့ စည်းရုံး ဟောပြောခဲ့ပါတယ်။ ဟောပြောမှု အပြီး လုပ်ခဲ့တဲ့ အမေးအဖြေ ကဏ္ဍမှာတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ သဘောထားတစ်ချို့ ဖြေကြား ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘာပြောခဲ့သလဲ၊ သူ့ရဲ့ တပ်မတော်အပေါ် သဘောထားဟာ ရွေးကောက်ပွဲ အကြိုကာလမှာ ပြောင်းလဲသွားသလား၊ အရင်အတိုင်းပဲလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော် အပေါ် သဘောထားဟာ ရွေးကောက်ပွဲ အလွန်ကာလကို ဘယ်လို သက်ရောက်မှု ရှိလာနိုင် မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်ဆိုရင် ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောလေ့ရှိတဲ့ တပ်မတော်အပေါ် သဘောထားဟာ အတော်လေးကို ယေဘူယျ ဆန်ပါတယ်။ အရင် ဖွဲ့စည်းပုံ ထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုတာကို ပြောင်းလဲခဲ့သလား၊ မပြောင်းမလဲ ဆက်ပြီး ကိုင်တွယ် ထားဆဲပဲလားဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုဝင်ဘာ ၁ ရက်နေ့ ဟောပြောမှု မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင် ဆက်ဆံရေး၊ ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲတဲ့ သဘောထား စတာတွေ တွေ့မြင်နိုင်ပါတယ်။

ဒေါ်စု ဟောပြောမှုအပြီး တက်လာတဲ့ ပြည်သူတွေထဲက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးပါတယ်။ ဒါကို ဒေါ်စု ပြန်ဖြေတာက “ကာကွယ်ရေး ဦးစီးချုပ်က ဘယ်လိုမဲပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပြောတဲ့ကိစ္စမှာ ကျွန်မတို့ ဘယ်လို ထင်လဲဆိုတာကို မေးတာလို့ ထင်ပါတယ်။ ဒီကိစ္စဟာ မလုပ်သင့်တဲ့ ကိစ္စပါ။ နိုင်ငံသူ နိုင်ငံသား အားလုံးမှာ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိရမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတာ ဖြစ်ပါ တယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူကမှ ဘယ်နိုင်ငံသူ နိုင်ငံသားကိုမှ ဘယ်လိုမဲပေးရမလဲဆိုတာ ဖိအားပေးပိုင်ခွင့် မရှိပါဘူးဆိုတာ ကျွန်မ ဒီကနေ ရဲရဲကြီး ပြောရဲပါတယ်” ဆိုပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သူ့မိန့်ခွန်းထဲမှာ အခုလို ထည့်ပြောခဲ့ပါသေးတယ်။ “အဲဒီတော့ တချို့ကပြောတယ်၊ တချို့ဆို တာပေါ့နော်၊ ကျမတို့နဲ့ အမြင်ချင်းမတူတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက အာဃာတကင်းစင်တယ် ဆိုတာကို မယုံဘူး-တဲ့။ အဲဒီတော့ ကျမတို့ စဉ်းစားတယ်။ ဘာဖြစ်လို့ မယုံပါလိမ့်၊ သူတို့စိတ်နဲ့ သူတို့များ နှိုင်းနေလို့ မယုံတာလား-လို့” ဆိုပြီး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒီအချက်နှစ်ချက်ကို ကြည့်ရင် တပ်မတော်နဲ့ သိပ်အဆင်မပြေ ဘူးဆိုတာ၊ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မရှိသေးဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာဘူး၊ ချိုးဖေါက် တယ်ဆိုပြီး စွတ်စွဲ ပြောဆိုလိုက်သလို၊ သူ့ကို အာဃာတ ကင်းစင်တယ်ဆိုတာ မယုံဘူးလို့ပြောတဲ့ လူတွေ ကိုလည်း “ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်း မရိုင်းဘူး” ဆိုတဲ့သဘော ခပ်ကြမ်းကြမ်း တုန့်ပြန် ပြောဆိုမှုပဲ ဖြစ်ပါ တယ်။ ပြောရရင် တပ်မတော် ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေး၊ တစ်ဦးအပေါ် တစ်ဦး သဘောထားဟာ အရင်တုန်းကအတိုင်း ပြဿနာတွေ ရှိနေဆဲဆိုတာ ပေါ်လွင်ပါတယ်။

လူတစ်ယောက်မေးတဲ့ တပ်မတော်နဲ့ ပတ်သက်ပြီး ဖြေတဲ့အဖြေကတော့ ပိုပြီး အရေးကြီးပါတယ်။ “ဒီတပ်မတော်ဟာ ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်။ အင်မတန်မှ မွန်မြတ်ပြီးတော့၊ သိက္ခာရှိ ပြီးတော့ ပြည်သူက လေးစားချစ်ခင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ဒါပေမယ့် ကျမတို့ဟာ တပ်မတော် ၂၅ % ကို ကန့်ကွက်တယ်ဆိုတာဟာ ဒီမိုကရေစီ စံနှုန်းစံထားနဲ့ မကိုက်ညီလို့ ကန့်ကွက် တာပါ။ နောက်ပြီးတော့ လည်း သိက္ခာရှိတဲ့ တပ်မတော်အနေနဲ့ နိုင်ငံရေးမှာ မပါဝင်သင့်ဘူးလို့ ကျမတို့က ယူဆလို့ ကန့်ကွက်တာ ပါ။ တပ်မတော်သားတိုင်း တပ်မတော်ထဲမှာ တစ်ယောက်ချင်း တစ်ယောက်ချင်း လွှတ်တော်ထဲမှာ ကိုယ့် ဆန္ဒအရ မဲပေးမယ်ဆိုလို့ရှိရင် ကျမတို့ ဘာမှသိပ်ပြီးတော့ မပြောလိုပါဘူး။ ဒါကတော့ အခု အခြေအနေအ ရပေါ့။ အခုအခြေအနေအရ ၂၅ % စလုံးဟာ အမိန့်အရ တပုံစံတည်းပဲ မဲပေးပါတယ်” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီ ပြောဆိုချက်ကို ကြည့်ခြင်းအားဖြင့် လွှတ်တော်ထဲမှာ တပ်မတော် သား ၂၅ ရာခိုင်နှုန်း ရှိနေတာကို လက်မခံပါဘူး။ အရင် ပုဒ်မ ၄၃၆ ပြင်ရေးကို ကြိုးစားတုန်းကပြောခဲ့သ လိုပဲ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တန်းလျား ပြန်စေချင်တဲ့ သဘောပဲ သွားတွေ့ရပါတယ်။ ပြောရ ရင် တပ်မတော်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား လုံးဝ မပြောင်းလဲပါဘူး။ တကယ် တော့ တိုင်းပြည်အာဏာအရပ်ရပ်ကို ခေါင်းကနေ ခြေဖျားတိုင်အောင် ရာခိုင်နှုန်းပြည့် ချုပ်ကိုင်ထားတဲ့ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တန်းလျားပြန်ဖို့ သွားခိုင်းတာဟာ လက်တွေ့ အခြေ အနေနဲ့ လုံးဝ မကိုက်ညီပါဘူး။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လွှတ်တော်ထဲမှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ထည့်သွင်းတာကြောင့် အဓိက အခွင့်ထူး သုံးခု ရနေပါတယ်။ ပထမ အခွင့်ထူးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ချင်ရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြင်မှရနိုင်မယ် ဆိုတာမျိုးပါ။ ဒုတိယ အခွင့်ထူးကတော့ နိုင်ငံ့အထွဋ်အထိပ် သမ္မတရာထူး ရွေးချယ်ရာမှာ အဲဒီ ၂၅ ရာခိုင်နှုန်းက မဲပေးခွင့် ရခြင်းပါ။ တတိယ အခွင့် ထူးက လွှတ်တော်တွင်း ဥပဒေပြုရာမှာ ၂၅ ရာခိုင်နှုန်း မဲပေးခွင့်ရတာပါ။ တကယ်တော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲရောက်နေတဲ့ကိစ္စ ဝေဖန်ပြောဆို မယ်ဆိုရင် အဲဒီ အချက်တွေကို ခွဲခြားပြော ဆိုမှ ဖြစ်ပါလိမ့်မယ်။

ဥပမာအားဖြင့် ဖွဲ့စည်းပုံ ပြင်မယ်ဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သဘောတူမှ ပြင်နိုင် မယ်ဆိုတဲ့ ကိစ္စ။ ဒါဟာ အဓိကအားဖြင့် လက်ရှိ တပ်မတော်ခေါင်းဆောင်တွေ၊ အနားယူသွားပြီဖြစ်တဲ့ တပ်မတော် ခေါင်းဆောင်ဟောင်းတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ထားတာပါ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရွေးကောက်ခံ အမတ်တွေချည်းပဲ လုပ်နိုင်မယ်ဆိုရင် အဲဒီ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ကံကြမ္မာ၊ တပ်မတော်တစ်ခုလုံးရဲ့ ကံကြမ္မာ ရွေးကောက်ခံအမတ်တွေ လက်ထဲ ရောက်သွားတဲ့ သဘော ဖြစ်သွားပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးကို လက်ရှိ စစ်ဗိုလ်ချုပ်တွေရော စစ်ဗိုလ်ချုပ်ဟောင်းတွေကပါ လက်ခံနိုင်ဖွယ် မရှိပါဘူး။

ဒါကြောင့် ဒီအချက်ကိုတော့ ကာလတစ်ခု ခွင့်ပြုထားဖို့ လိုပါလိမ့်မယ်။ ဒုတိယ အခွင့်ထူးဖြစ်တဲ့ သမ္မတ ရွေးချယ်ရာမှာ ၂၅ ရာခိုင်နှုန်း ရယူထားတဲ့ အချက်ကိုတော့ ပြင်ဆင်ဖို့ လိုပါ တယ်။ ဒီ ပြဌာန်းချက်ကြောင့်ပဲ စစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်အချုပ်အခြာ အာဏာကို ရာနှုန်းပြည့်ရဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ လက်ရှိ ပေါ်ပေါက်လာတဲ့ ပြဿနာ အတော်များများဟာ အဲဒီအချက်ကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ တတိယ အခွင့်ထူးဖြစ်တဲ့ ဥပဒေပြု ရေးမှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ကိစ္စကတော့ ဆက်ပြီး ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ လတ်တ လော သိပ်တော့ မထူးခြားပါဘူး။ အကြောင်းကတော့ ဒီရာခိုင်နှုန်းဟာ တကယ့် ဥပဒေပြုရေးအတွက် အဟန့်အတား မလုပ်နိုင်သေးလို့ပါပဲ။

ခြုံပြီးပြောရရင် လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေ ယုံကြည်မှု မရှိ၊ ပြေလည်မှု မရကြသေးသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့ ပါတ်သက်တဲ့ သဘောထားကိုလည်း တပ်မတော်ဘက်က လက်ခံတာမျိုး မတွေ့ရသေးပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲ အလွန်ကာလမှာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံကြရဦးမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required