မတ်၊ ၁၀။ ။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် အရပ်ဖက် မဟာမိတ်အဖွဲ့(mata)အဖွဲ့ဝင် သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူ စောသာဘိုးသည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခဲ့ရကြောင်း mata အဖွဲ့ဝင် ကိုရဲလင်းမြင့်က ပြောသည်။
ဇန်နဝါရီလ ၁၇ ရက်က မြိုင်ကလေး ဘိလျပ်မြေစက်ရုံ၏ ကျောက်မီးသွေး လောင်စာ အသုံးပြုမှုကို ဖျက်သိမ်းပေးရန် ဒေသခံများ၏ မေတ္တာဆုတောင်းပွဲမှာ ပါဝင်ခဲ့ခြင်းကြောင့် ယခုလို တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။
mata အဖွဲ့ဝင် ကိုရဲလင်းမြင့်က“ကျွန်တော်တို့ သိတာကတော့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲတာ။ ဒီကနေ့ ကျွန်တော်တို့ mata ရဲ့ ကိုယ်စားလှယ်တွေသွားပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့တယ်။ ဘာကြောင့် တရားစွဲ တာလဲ မေးတော့ အထက်က အမိန့်ပေးလို့ ပါတဲ့။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့တော့လည်း အထက်က အမိန့်ပေးလို့၊ ပွင့်ပွင့် လင်းလင်း ပြောရရင် ကရင်ပြည်နယ် အစိုးရအဖွဲ့က အမိန့်ပေးတာ”ဟု ပြောသည်။
မတ်လ ၆ ရက်နေ့ ညပိုင်းက ဘားအံမြို့ ၄ ရပ်ကွက်၊ သရဖီလမ်းအတွင်းရှိ စောသာဘိုး၏နေအိမ်သို့ ရဲတပ်ဖွဲ့က ဝင် ရောက် ရှာဖွေခဲ့သည်ဟု သိရသည်။
ကိုရဲလင်းမြင့်က “ဖြစ်စဉ်က မမှောင်ခင် ညနေ ၄ နာရီ ၊ ၅ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ လာတယ်။ သာဘိုး သူငယ် ချင်းက သာဘိုးအိမ်ကို လာတာကို စောင့်ပြီးတော့ အတင်းဝင် ဖမ်းတယ်။ဒါပေမဲ့ သာဘိုးက အစောက တည်းက ခရီးသွား နေတာ မရှိဘူး။ ခန့်မှန်းရ သလောက်တော့ ၄- ၅-၁၀ ယောက် လောက်တော့ ရှိမယ်။ သူ့မိန်းမက ဝရမ်းပါလား မေးတော့ မပါဘူးလို့ ပြောတယ်”ဟု ပြောသည်။
မတ်လ ၆ ရက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေခဲ့သော်လည်း စောသာဘိုးမှာ ခရီးထွက်နေခြင်းကြောင့် ဖမ်းဆီး ရမိခဲ့ခြင်း မရှိဘဲ မတ်လ ၉ ရက်၌ စောသာဘိုး၏ အဖေကို ခေါ်ယူစစ်ဆေးမှုများ လုပ်ခဲ့ကြောင်း ၎င်းက ပြောသည်
ကိုရဲလင်းမြင့်က “အခု တောက်လျှောက်လည်း စောသာဘိုးရဲ့ နေအိမ်ကို လူတွေလဲပြီးတော့ စောင့်ကြည့်နေတယ်။ သာဘိုး ပြန်လာမလား ဆိုပြီး သာဘိုးကတော့ ခရီးသွားနေတုန်းပဲ”ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် အရပ်ဖက်မဟာမိတ်အဖွဲ့(mata)က သယံဇာတများ အလေအလွှင့် ဆုံးရှုံးနေပြီး သဘာဝပတ်ဝန်းကျင် ပျက်ကပ်နှင့် ရင်ဆိုင်နေရသည့် မိမိနိုင်ငံ၏ ဂုဏ်ကို ပြန်လည် ဆည်ယူ နိုင်ရန် နိုင်ငံသား တစ်ယောက်အနေဖြင့် ကြိုးပမ်းမှုသည် မည်သို့ အကြည်ညိုပျက်စေပါကြောင်း၊ အစိုးရဘက်က ချက်ချင်း ဖြေရှင်းပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ယခုလို မိသားစုများ အထိတ်အလန့်ဖြစ်အောင် ဝင်ရောက်ရှာဖွေသည့် အပေါ်မှာလည်း အလွန်ရွံရှာစက်ဆုပ် ဖွယ် ကောင်းသော လုပ်ရပ်ဆိုပြီး ရှုတ်ချထားသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် အရပ်ဖက်မဟာမိတ်အဖွဲ့(mata)က ကရင်ပြည်နယ် အစိုးရ အဖွဲ့နှင့် မကြာခင် တွေ့ဆုံသွား ဆွေးနွေးရန် ရှိကြောင်း ဆိုသသည်။