ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာချက် အပိုဒ် ၃၀ ကို ပုံဖော်ပြဌာန်းထားတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်သစ်

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာချက် အပိုဒ် ၃၀ ကို ပုံဖော်ပြဌာန်းထားတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်သစ်
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ရန်ကုန်၊ မတ် ၉။            ။ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ ၃၁လမ်းနှင့် ၃၂လမ်းကြား (အောက်ဘလောက်)မှာ လူ့အခွင့်အရေး၏အနှစ်သာရအား ရေးဆွဲပုံဖော်ထားသည့် နောက်ဖေးလမ်းကြားဥယျာဉ်သစ်တစ်ခုကို မတ်လ ၈ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ထိုဥယျာဉ်သစ်တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာချက် အပိုဒ် ၃၀အား ပုံဖော်ပြဌာန်းထားကာ နံရံပေါ်တွင် လူမှုအသိုက်အဝန်းအကြား စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ မျှဝေခြင်း၊ အပြန်အလှန်နားလည်ပေး ခြင်းနှင့် ဂရုစိုက်ခြင်းများအား ဖော်ပြပုံဖော်ဖန်တီးထားသည်။

နောက်ဖေးလမ်းကြားဥယျာဉ်သစ်အား "အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်းကျင်" ဆိုသည့် ခေါင်းစဉ်အောက်တွင် ဖန်တီးပုံဖော်ထားသည်။

ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက "ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာချက် အပိုဒ်၃၀ရှိတယ်။ ဒီအပိုဒ်၃၀ကိုလည်း ဒီကိုလာပြီးတော့ လေ့လာတဲ့သူတွေအကုန်လုံး သိရှိသွားအောင်ဆိုပြီးတော့ ဒါလေးကို ကျွန်တော်တို့က AAPPနဲ့ပါချိတ်ဆက်ပြီးတော့ ဒါကျွန်တော်တို့ AAPPကထုတ်ဝေတဲ့ကာတွန်းပေါ့နော်။ ကာတွန်းစာအုပ်ရှိပါတယ်။ အဲ့စာအုပ်ထဲကကာတွန်းတွေကို PP ဘုတ်တွေ နဲ့ပြန်လုပ်ပြီးတော့ အနုပညာတွေပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ဒါ လူ့အခွင့်အရေးလမ်းကြားလေးပေါ့။ တကယ်တော့ ဒီလမ်းကြားကို နာမည်ပေးထားတာကတော့ အားလုံးအတူတကွ ပူးပေါင်းပါဝင်သော လူမှုဝန်းကျင်ပေါ့။ အဲ့ဒီထဲမှာမှ ခုနကပြောတဲ့ All Inclusiv ထဲမှာကလူ့အခွင့်အရေးလည်းပါတာကြောင့်မို့လို့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပုံဖော်ထားတာဖြစ်ပါတယ်"ဟု ဆိုသည်။

ထိုနောက်ဖေးလမ်းကြားဥယျာဉ်သစ်သည် ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ ပူးပေါင်းပါဝင်မှုနှင့် ဒို့အိမ်အဖွဲ့က ဖန်တီးပုံဖော်ပေးထားသည့် ၁၁ခုမြောက် နောက်ဖေးလမ်းကြားဥယျာဉ်သစ်ဖြစ်သည်။

နောက်ဖေးလမ်းကြားဥယျာဉ်များတွင် အမှိုက်များပစ်ချခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက "နောက်ဖေးလမ်းကြားဥယျာဉ်လေးရဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ ဒီဥယျာဉ်လေးနားမှာရှိနေတဲ့ အိမ်ခန်းတွေအားလုံးရဲ့ ပူးပေါင်းပါဝင်မှုက နံပါတ်တစ်လိုအပ်ပါ တယ်။ ဒီနောက်ဖေးလမ်းကြားမှာရှိတဲ့ အပေါက်တွေကသာ အမှိုက်တွေနောက်ကိုမကျလာဘူးဆိုရင် ဒီနေရာကို ဘယ်သူမှ အမှိုက်လာပစ်စရာမရှိတော့ပါဘူး" ဟု ပြောသည်။

နောက်ဖေးလမ်းကြားဥယျာဉ်၏ နံရံဆေးရေးပန်းချီအား ပန်းဘဲတန်းမြို့နယ် မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအသင်းက အသက်၂၅နှစ်မှ အသက်၆၀အရွယ် ပန်းချီ၊ ပန်းပုပညာရှင် ၃၀ဦးမှ တာဝန်ယူပုံဖော်ရေးဆွဲ ထားခြင်းဖြစ် သည်။

ဒို့အိမ်သည် ရန်ကုန်မြို့အခြေစိုက်ကာ လူမှုအကျိုးသက်ရောက်မှုအား ဦးတည်သည့်  မြို့ပြဒီဇိုင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဒို့အိမ်သည် ရန်ကုန်မြို့ရှိနောက်ဖေးလမ်းကြားများအား သန့်ရှင်းလှပအောင်ထိန်းသိမ်းကာ မြို့နေလူထုအတွက် အပန်းဖြေအနားယူကစားစရာနေရာများ ဖန်တီးပေးရန် ရည်ရွယ်ချက်နှင့် ယခုကဲ့သို့ နောက်ဖေးလမ်းကြား ဥယျာဉ်များအား ပြုလုပ်ပေးနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required