တောင်အာဖရိကမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကျ၊ လူ ၂၅ ဦး သေဆုံး

တောင်အာဖရိကမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကျ၊ လူ ၂၅ ဦး သေဆုံး

မတ် ၃။        ။ တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ်မှာ ယမန်နေ့ မတ်လ ၂ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တောင်ပေါ်လမ်းတစ်ခုကနေ ချောက်ထဲ ကျသွားခဲ့လို့ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယင်းနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောပါတယ်။

“သတင်းတွေအရ ဘတ်စ်ကား ဒရိုင်ဘာက ကားကို မထိန်းနိုင်ခဲ့လို့ ကားက ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ သိထားရပါတယ်၊ အနည်းဆုံး ကားပေါ်ပါသွားသူ ၂၅ ယောက် သေပါတယ်၊ နောက်ထပ် ၆၂ ယောက်လောက် ကတော့ ဒဏ်ရာတွေ ရသွားပါတယ်” လို့ တောင်အာဖရိက ပို့ဆောင်ရေးဝန်ကြီး ဖီကိုင်လ် အမ်ဘယ်လူလာက ပြောပါတယ်။

“ ဒီ ကားမတော်တဆမှုကြောင့် ခုလို လူ့အသက်တွေ အများကြီး ဆုံးရှုံးလိုက်ရတာက တကယ့်ကို ကြေကွဲဝမ်းနည်းစရာပါပဲ” လို့လည်း ၎င်းက ထပ်လောင်း ပြောသွားခဲ့ပါတယ်။

အဆိုပါ ဘတ်စ်ကားကတော့ သက်ကြီးရွယ်အို အများစုအပါအဝင် လူပေါင်း ၈၀ လောက်ကို တင်ဆောင်ပြီး Butterworth မြို့ကို ဦးတည်မောင်းနှင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Eastern Cape ဒေသမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က လူ ၃၅ ဦး သေဆုံးခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုဖြစ်စဉ်နောက်ပိုင်း ယခု ဖြစ်စဉ်ဟာ လူအသေအပျောက်အများဆုံး ယာဉ်မတော်တဆမှု ဖြစ်လာခဲ့ပါတယ်။

အာဖရိကတိုက်မှာ လမ်းပန်းဆက်သွယ်ရေး ကွန်ရက်စနစ် အဖွံ့ဖြိုးဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပေမယ့် တောင်အာဖရိကကတော့ ယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှုနှုန်း မြင့်မားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေလျက် ရှိပါတယ်။

မဆင်မခြင် မောင်းနှင်မှု၊ ယာဉ်တွေရဲ့ ကြံ့ခိုင်မှုပိုင်း ထိန်းသိမ်းမှု အားနည်းမှုတို့က ခုလို မတော်တဆမှုတွေ ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required