ကိုရိုနာဗိုင်းရပ်စ်ကြောင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားခေတ္တ ဆိုင်းငံထားမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားခေတ္တ ဆိုင်းငံထားမည်

နေပြည်တော် မတ် ၁။                   ။ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ခေတ္တဆိုင်းငံထားမည်ဖြစ်ကြောင်း မတ်လ ၁ရက်နေ့က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် မတ်လ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားနှင့် ပတ်သက်၍ ခေတ္တဆိုင်းငံ ထားမည်ဖြစ်ကာ WHOနှင့် နိုင်ငံတကာမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်သွားရန်လျာထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် ပတ်သက်၍ ဇန်နဝါရီလ ၃၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားပြီး မြန်မာအစို းရကလည်း ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ၂၈ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါကို တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သလို လူစုလူဝေးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း ပွဲလမ်း သဘင် များကို ရှောင်ရှားရန် ထုတ်ပြန် ထားသည့်အတွက် ယခုကဲ့သို့ တပ်မတော်အနေဖြင့် ခေတ္တဆိုင်းငံရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ် ရောဂါဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိ သေးသော်လည်း ကိုရီးယားသမ္မတနိုင်ငံ၊ အီရန်နိုင်ငံ၊ အီတလီနိုင်ငံ စသည့် နိုင်ငံများတွင်ရောဂါဖြစ်ပွားသူများ ရုတ် တရက်တစ်ပြိုင်နက်တွေ့ရှိရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အလားတူအခြေအနေမျိုးအချိန်နေရာမရွေး လူအများ၌ ကူးစက်ဖြစ်ပွားနိုင်ကြောင်းနှင့် ပွဲလမ်းသဘင်နှင့် လူစုလူဝေးများကို ရှောင်ရှားကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယခုနှစ်ကျင့်ပမည့် တပ်မတော်နေ့ စိန်ရတုအခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းများနှင့် ဖိတ်ကြားသင့်သူများကို ဖိတ်ကြားမည်ဟု တပ်မတော်က ထုတ်ဖော်ပြောဆိုထားသလို ခမ်းနားကြီးကျယ်စွာ ပြုလုပ်မည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required