အီရန် စီးပွားရေးလုပ်ငန်းများနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဆန်ရှင်များချမှတ်သွားမည်ဟု အိမ်ဖြူတော် ထုတ်ပြန်

အီရန် စီးပွားရေးလုပ်ငန်းများနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဆန်ရှင်များချမှတ်သွားမည်ဟု အိမ်ဖြူတော် ထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ။          ။ အမေရိကန်သည် အီရတ်ရှိ ၎င်းတို့၏စစ်အခြေစိုက်စခန်းများကို အီရန်တို့တိုက်ခိုက်ခဲ့မှုအား ပြန်လည်တုံ့ပြန်သည့်အနေဖြင့် သံမဏိလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းအများအပြားနှင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အီရန်ထိပ်တန်းခေါင်းဆောင်များအား ဆန်ရှင်များ ထပ်မံချမှတ်သွားမည်ဖြစ်ကြောင်း၊  အကြမ်းဖက်လုပ်ရပ်များ ဆက်လုပ်နေမည်ဆိုပါက အီရန်စီးပွားရေးကို ပိုမိုကျပ်တည်းအောင် လုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်က အိမ်ဖြူတော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာသည်။

အီရန်နိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျသွားစေရန် ရည်ရွယ်လျက် အီရန်တို့နှင့်စီးပွားရေးပူးပေါင်းလုပ်ဆောင်နေသည့် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းများအား အရေးယူပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ဆန်ရှင်ချမှတ်မည့် ထိပ်တန်းခေါင်းဆောင် ၈ ယောက်ထဲတွင် အီရန်အဆင့်မြင့် လုံခြုံရေးကောင်စီ ဝန်ကြီး Ali Shamkhani၊  အီရန်တပ်ဖွဲ့၏ ဒု-တပ်မှူးကြီး Mohammed Reza Ashtiani ၊ ဘာဆစ်ဂ်ျပြည်သူ့စစ်အကြီးအကဲ Gholamreza Soleimani တို့ နှင့်အတူ အီရတ်အခြေစိုက်စခန်းတိုက်ခိုက်မှုနှင့် အရှေ့ပိုင်းအလယ်ပိုင်းဒေသစစ်ဆင်ရေးများတွင် ပါဝင်ပတ်သက်သူများလည်းပါသည်။

၎င်းပြင် သံမဏိလုပ်ငန်းနှင့် သတ္တုတွင်းကုမ္ပဏီ ၁၇ ခု၊ တရုတ်နှင့် ဆေးရှဲနိုင်ငံတို့တွင်အခြေစိုက်သည့်  လုပ်ငန်းသုံးခုနဲ့  အီရန်ထွက်သတ္တုထုတ်ကုန်များကို ရောင်းဝယ်ပို့ဆောင်ပေးသည့် ရေယာဉ်လိုင်းလည်း ပါဝင်ကြောင်းသိရသည်။

ဆန်ရှင်ချမှတ်လိုက်ခြင်းကြောင့် အီရန်နိုင်ငံ၏ အခွန်ဘဏ္ဍာ ဘီလီယံများစွာ ထိခိုက်စေမည်ဖြစ်ကြောင်း၊ ရေနံမှရသည့် အခွန်ငွေ ၈၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားမှာဖြစ်ကြောင်း၊ တရားမဝင်နည်းလမ်းများကို ဆက်လုပ်နေမည်ဆိုပါက ဆန်ရှင်များ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားသည်။

ဆန်ရှင်ကြောင့် အီရန်နိုင်ငံကို အထောက်အပံ့ပြုနေသည့် ဒေါ်လာဘီလီယံပေါင်းများစွာ လျော့ကျသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနျူချင်းက အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required