ဩစတြေးလျတွင် တောမီး ဝန်းရံနေ၍ ထောင်ပေါင်းများစွာ ကမ်းခြေများ၌ ပိတ်မိနေ

ဩစတြေးလျတွင် တောမီး ဝန်းရံနေ၍ ထောင်ပေါင်းများစွာ ကမ်းခြေများ၌ ပိတ်မိနေ

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၃၁။          ။ဩစတြေးလျ၌ တောမီး လောင်ကျွမ်းနေသော အရှေ့တောင်ပိုင်းနယ်မြေဒေသများတွင် ဒီဇင်ဘာ ၃၁ ရက်၌ တောမီးချည်းကပ် ဝန်းရံလာခြင်းကြောင့် အားလပ်ရက် ခရီးထွက်သူများနှင့် ဒေသ ခံများသည် ကမ်းခြေများဆီသို့ ဆင်းပြေးကြရသည်။

နာမည်ကြီး ခရီးသွားဧည့်သည်များ လာရောက်ရာ နယ်မြေဒေသများတွင် တောမီးဘေးက မြေကြီးပေါ်တွင် ဘေးကင်းမှု မရှိသောကြောင့် ကမ်းခြေများသို့ စုပုံရောက်ရှိကြခြင်းဖြစ်ကာ ပိတ်မိနေသည့် အနေအထားမျိုး ရှိနေသည်။

မဲလ်ဘုန်းမြို့ ကမ်းရိုးတန်းတွင် ထောင်ပေါင်းများစွာ ပိတ်မိနေပြီး တောမီး အခြား တောမီး အဝိုင်းခံရသော မြို့ကမ်းခြေများနှင့် ကမ်းရိုးတန်း ၁၃၅ မိုင်တစ်လျှောက်တွင်လည်း ပိတ်မိနေကြခြင်း ဖြစ်သည်။

နိုင်ငံတွင် လများစွာ ကြာမြင့်ပြီဖြစ်သော ယင်းတောမီး၏ ဘေးမှ လွတ်လိုလွတ်ငြား မျှော်လင့်ချက်ဖြင့် ကမ်းခြေရောက်လာသူများတွင် အချို့မှာ လှေဖြင့် ပင်လယ်ထဲ သွားနေကြခြင်းပင် ရှိနေသည်။

မီးသတ်ဌာနအနေဖြင့်လည်း ယင်းတောမီးကို အသည်းအသန် ငြှိမ်းသတ်လျက်ရှိပြီး လေယာဉ်များဖြင့် ဝေဟင်မှ ရေပက်ဖျန်း ငြှိမ်းသတ်သကဲ့သို့ မြေပြင်တွင်လည်း အသက်လုကာ ကြိုးစားပမ်းစား ငြှိမ်းသတ်နေသော်လည်း မီးအင်အားမှာ လျော့ကျသွားခြင်း မရှိပေ။

ထိုသို့ မီးငြှိမ်းသတ်ရာ၌ ဒီဇင်ဘာ ၃၁ ရက်က စေတနာ့ဝန် မီးသတ်သမားတစ်ဦး သေဆုံးခဲ့ရာ ယင်းတောမီးအတွင်း စေတနာ့ဝန် မီးသတ်သမား သုံးဦး အပါအဝင် သေဆုံးသူ ၁၁ ဦး ရှိခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required