SNDP က ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်နှင့်အမျိုးသမီး ၄၅ ရာခိုင်နှုန်း ဝင်ရောက်ယှဉ်ပြိုင်မည်

SNDP က ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်နှင့်အမျိုးသမီး ၄၅ ရာခိုင်နှုန်း ဝင်ရောက်ယှဉ်ပြိုင်မည်
 Photo  - SNDP

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက် ။       ။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် တစ်ပါတီက လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီး နှင့်လူငယ် ၄၅ ရာခိုင်နှုန်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ   ဒေါက်တာ ဦးစိုင်းကျော်အုန်း က ပြောသည်။

“ ကိုယ်စားလှယ်လောင်းရွေးရင်  ခါတိုင်းထက် ပိုများအောင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ရွေးချယ်မယ်။ လူငယ်လည်း ရွေးမယ်။ နမ့်ခမ်းမှဆိုရင် အသက် ၇၀ သမားတွေ မ
ဝင်ခိုင်းတော့ဘူး။ လူငယ်တွေပဲ ဝင်ခိုင်းမယ်။ မျိုးဆက်သစ်က ၄၅ % လောက် ရွေးချယ်သွားမယ်။ တစ်မြို့နယ်မှ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်ဝင်ပြိုင်ဖို့ ရှိတယ်  “ ဟု ၎င်းက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP  ) အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် ၊ မူဆယ် ၊ နမ့်ခမ်းမြို့နယ် အပါအဝင် မြို့နယ် ၂၀ ကျော်တွင် အဓိက ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးလုပ်ငန်းစဉ်များကို လတ်တလော ဆောင်ရွက်ထားတာ မရှိသေးကြောင်း ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မတိုင်မီကတည်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  ( SNLD )  နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP   တို့  တစ်ပါတီတည်းဖြစ် ပူးပေါင်းရန် ဆွေးနွေးခဲ့သော်လည်း ပျက်ပြယ်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်း အဓိက အင်အားကြီးပါတီများဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကေရစီ အဖွဲ့ချုပ် ( SNLD )  ၊ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ပြီး  ရှမ်းပြည်နယ်အတွင်း အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် တခြားမိတ်ဖက်ပါတီများနှင့် မဟာမိတ်အဖြစ်  ပူးပေါင်းရန် စီစဉ်ထားကြောင်း သိရသည်။

“  ရှမ်းပြည်နယ်မှာ အဓိက အားပြိုင် ရမယ့် ပါတီကတော့ ကျားခေါင်းပါတီ ပါပဲ  ။ တခြားပါတီတွေကတော့ အဲ့လိုမဟုတ်ပါဘူး။  ကြံခိုင်ရေးပါတီကတော့ ရှမ်းအရှေ့ပိုင်းမှာ အားသာတယ်။ အ‌တွေ့အကြုံအရ ပြောရရင် NLD  လည်း သူအားသာချက် ရှိတော့ ရှိမှာပါ။ သူက တစ်ပြည်နယ်လုံး ဝင်ရောက်ယှဉ်ပြိုင်နေတော့ ။ ရှမ်းပြည်နယ်မှာ ကျနော်တို့ ဦးတည်ချက်က ရှမ်းတိုင်းရင်းသားပါတီတွေ စုပေါင်းပြီး အစိုးရဖွဲ့နိုင်ဖို့ ပဲ ။ ရှမ်းပြည်နယ်မှာ ရှမ်းပြည် တိုင်းရင်းသား ပါတီအဖွဲ့ချုပ် ထဲမှာ အဖွဲ့က ၁၃ ဖွဲ့ ရှိတယ်။ အားလုံးက ကျနော်တို့နဲ့ မဟာမိတ်လုပ်ထားတယ်။ ဥပမာ - ကိုးကန့်မှာ ဆိုရင် ရှမ်းရှိတယ်။ ကျနော်တို့က ဝင်မပြိုင်ဘူး။ ကိုးကန့်ပါတီပဲ အားလုံး အားပေးမယ် “  ဟု ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

လွှတ်တော်အတွင်း ရောက်ရှိမည်ဆိုရင် တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍကိုသာ အဓိက လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း ၊ လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ကိုယ်စားလှယ်တွေကိုသာ ရွေးချယ်သွားရန် ဒေါက်တာစိုင်းကျော်အုန်းက ပြောသည်။

“ တရားဥပဒေစိုးမိုးရေးကို ဦးတည်ရမယ်။ အခုက တရားဥပဒေ စိုးမိုးရေးက တော်တော်အားနည်းတယ်။ Rule & Law အဲ့တာ အဓိက ပဲ ၊ တရားဥပဒေစိုးမိုးမှု မရှိရင် ကျနော်တို့ တိုင်းပြည်က ဘယ်တော့မှ မတိုးတက်နိုင်ဘူး။ ဒါမရှိရင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း မလာနိုင်ဘူး။ လာဘ်ပေးလာဘ်ယူ မရှိဖို့လည်း လိုအပ်တယ်။ လာမည့် ရွေးကောက်ပွဲမှာ ကိုယ်ပြည်သူ့လူထုကို အကျိုးပြုနိုင်မယ် ၊ အရည်အချင်းရှိတဲ့ လူများကို သာရွေးချယ်ဖို့ ပြောချင်တယ် “ ဟု ၎င်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်နယ် လွှတ်တော် တစ်နေရာသာ အနိုင်ရရှိသည်။  ထို့အပြင် ဒီချုပ် အစိုးရ လက်ထက် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ယှဉ်ပြိုင်သော်လည်း  ရှုံးနိမ့်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required