“ Facebook သုံးလို့ အဖမ်းခံကြရတာ ဘာအဓိပ္ပါယ် ဆောင်သလဲ”

“ Facebook သုံးလို့ အဖမ်းခံကြရတာ ဘာအဓိပ္ပါယ် ဆောင်သလဲ”

အခုရက်ပိုင်း မြို့ပြနေ ပြည်သူအများအပြား စိတ်ဝင်စားနေကြတဲ့ သတင်းတစ်ပုဒ်ကတော့ Facebook အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ရုပ်ပုံနဲ့ စာသားတွေ ဖော်ပြခဲ့လို့ဆိုတဲ့ စွတ်စွဲမှုနဲ့ လူ ၃ ယောက် ဖမ်းဆီး အရေးယူခံထားရတဲ့ အမှု ဖြစ်ပါတယ်။ တကယ်တော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး တစ်စုံတစ် ယောက်ကို အသရေဖျက်တာ၊ သိက္ခာကျစေတာ စတဲ့ ရုပ်ပုံနဲ့ စာသားတင်လို့ဆိုပြီး တရားစွဲဆိုတာ၊ ပြစ်ဒါဏ် ချခံရတာတွေကတော့ ရှိနေနှင့်ပြီးပါပြီ။ ပြီးခဲ့တဲ့ကာလ ရန်ကုန်တိုင်းအတွင်းမှာ အဲလို အမှုအခင်းပေါင်း ၂၂ မှု ရှိခဲ့ပြီး အများစုကတော့ လိင်ပိုင်းဆိုင်ရာ မတော်တလျော်တွေတင်ပြီး အသရေပျက်အောင် လုပ်တဲ့အမှုတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ ရှင်းထားပါ တယ်။

အခုလူတွေ စိတ်ဝင်စား နေကြတာကတော့ အဲဒီလို အမှုအခင်းမျိုး မဟုတ်ပါဘူး။ အာဏာ ပိုင် တစ်ယောက်၊ ဒါမှမဟုတ် အာဏာပိုင် အဖွဲ့အစည်းကို ဂုဏ်သိက္ခာ ထိခိုက်အောင် ဖော်ပြမှုနဲ့ ဖမ်းဆီး အရေးယူမှု ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်သူတွေကလည်း အင်တာနက် Facebook စာမျက်နှာမှာ သမ္မတနဲ့ တပ်မတော် ခေါင်းဆောင်တွေကို ဂုဏ်သိက္ခာ ထိခိုက်အောင် ဖော်ပြတာ ကိုတော့ အာဏာပိုင်တွေဘက်က အလျင်အမြန် အရေးယူတယ်၊ ဒေါ်အောင်ဆန်းစုကြည်၊ အင်န် အယ်လ်ဒီနဲ့ အခြား လူပုဂ္ဂိုလ်တွေကို စော်ကား တိုက်ခိုက်နေကြတာတွေကိုတော့ အရေးယူမှု မရှိ ဘူးဆိုပြီး ဝေဖန်နေကြပါတယ်။

လက်ရှိ အင်တာနက် လူမှုကွန်ရက် အသုံးပြုသူတွေကို အရေးယူ နေကြတာ ဘယ်လို အဓိပ္ပါယ် သက်ရောက်ပါသလဲ၊ ဒီပြဿနာ ဘယ်လို ဖြေရှင်းသင့်ပါသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး ကြည့်ကြရအောင်ပါ။
facebook မှာ ပုံတင်လို့ ပထမဦးဆုံး ဖမ်းဆီးခံရသူကတော့ ရန်ကုန်၊ မရမ်းကုန်း ကမ္ဘာ အေးဘုရားလမ်းမှာနေတဲ့ ဦးဇော်မျိုးညွန့် ဖြစ်ပါတယ်။ သူ့ရဲ့ facebook စာမျက်နှာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံကို ခြေနဲ့နင်းနေတဲ့ ဓာတ်ပုံကို ဖော်ပြ ခဲ့လို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ သူ့ကို နဂိုက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ပုဒ်မ ၅၀၅(ခ) နဲ့ ထပ်ပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် တစ်ယောက်ကလည်း ဦးဇော်မျိုးညွန့်ရဲ့ အမှုနဲ့ ဆင်တူ ဖြစ်ပါတယ်။ ဦးပက်ထ ရစ်ခွန်ဂျာလီကိုလည်း သူ့ရဲ့ facebook စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံကို ခြေနဲ့နင်းနေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့လို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါ တယ်။ သူဟာ ကချင်အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ရက်က နာမည်ကြီး လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူရဲ့ ခင်ပွန်းလည်း ဖြစ်ပါတယ်။ သူ့ကိုလည်း ဦးဇော်မျိုးညွန့်ကို စွဲဆိုထားတဲ့ ပုဒ်မ တွေနဲ့ပဲ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးပြီးနောက် တရားစွဲဖို့ ရုံးထုတ်လာစဉ်မှာ သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပုံကို ဖန်တီးတာ မဟုတ်သလို၊ သူ့ စာမျက်နှာမှာ လည်း မတင်တဲ့အကြောင်း၊ ဖြန့်ဝေတာလည်း မလုပ်တဲ့အကြောင်း ဘာကြောင့် သူ့ကို ဖမ်းတယ် ဆိုတာ နားမလည်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ သူ့မိသားစုဝင် တစ်ယောက် ကတော့ ဦးပက်ထရစ်ခွန်ဂျာလီရဲ့ facebook စာမျက်နှာမှာ အခြား တစ်စုံတစ်ယောက်က Tag တွဲလိုက်တာ ဖြစ်နိုင်တယ်လို့ ပြောပါ တယ်။

လတ်တလော facebook မှာတင်လို့ ဖမ်းဆီးခံထားရပြီး လူတွေ စိတ်ဝင်စားနေကြတဲ့ မိန်းကလေး တစ်ယောက်ကတော့ မချောစန္ဒီထွန်း (ခေါ်) ချစ်သမီး ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ဝတ်စုံသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝတ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ရက် Facebook စာမျက်နှာမှာ မှတ်ချက်နဲ့တကွ တင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီတိုင်း မအူပင်မြို့နယ် တရားရုံးမှာ တရားစွဲ ခံထားရတာ ဖြစ်ပါတယ်။ သူ့ကို နဂိုက အဖွဲ့အစည်းတခုခု ဒါမှမဟုတ် ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်နစ်နာစေရန် ဂုဏ်သိက္ခာ ကျဆင်းစေရန် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ် ခြင်း၊ ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချီခြင်းဆိုတဲ့ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (ဃ)နဲ့ တရားစွဲ ဆိုထားပြီး နောက်ပိုင်း အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ပြောင်းလဲ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ကတော့ အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ပါ ထပ်ပြီး တရားစွဲခဲ့ပါတယ်။ တရားလိုကတော့ ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ကျော်ထင် ဖြစ်ပါတယ်။

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ facebook စာမျက်နှာ မှာ သုံးစွဲနေသူတွေကို နှစ်မျိုး ခွဲနိုင်ပါတယ်။ တစ်မျိုးကတော့ ကိုယ်ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆို တာကို တိတိကျကျ ဖော်ပြထားတဲ့ သုံးစွဲသူတွေဖြစ်ပြီး ကျန်တစ်မျိုးကတော့ ကိုယ်ဘယ်သူဘယ်ဝါ ဆိုတာ ဖော်ပြမထားတဲ့ အကောင့်န်တွေ ဖြစ်ပါတယ်။ ညစ်ညမ်းမှုတွေ၊ တစ်စုံတစ်ယောက်ကို အသရေဖျက် တာတွေ၊ အစိုးရ၊ တပ်မတော်နဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ဆဲဆိုတာတွေ၊ အသရေ ဖျက်တာတွေ၊ ဘာသာရေး လူမျိုးရေး မုန်းတီးအောင် လှုံ့ဆော်တာတွေ စတာတွေ အများအပြားရှိပြီး အဲလို အဓိက ဖော်ပြနေကြသူတွေကတော့ ဘယ်သူဘယ်ဝါမှန်း မသိနိုင်တဲ့ အကောင့်န့်ပုန်း၊ အကောင်န့်ဝှက်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ကိုယ်ဘယ်သူဆိုတာ ထင်ထင်ရှား ရှား ဖော်ပြထားသူတွေလည်း နည်းနည်းပါပါး ရှိပါတယ်။

ဒါပေမယ့် အဲလို ကျင့်ဝတ်နဲ့ မညီ၊ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဖော်ပြမှုမျိုးတွေကို ကိုယ်ဘယ် သူ ဘယ်ဝါဆိုတာ ဖော်ပြထားတဲ့ အကောင့်န်ပိုင်ရှင်တွေကလည်း Like လုပ်တာ (နှစ်သက်တယ် လို့ ဖော်ပြတာ)၊ share ကြတာမျိုးတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ်က ဘာမှ မသိ လိုက်ပဲ Tag လုပ်တာ ခံရတာမျိုးလည်း ရှိပါတယ်။ (Tag လုပ်တယ် ဆိုတာဟာ အခြားသူ တစ်ယောက်ယောက်က သူဖန်တီး ထားတာကို ကိုယ့်စာမျက်နှာမှာ ပေါ်နေအောင် လာတင်တာ ပါ။)

ပြောရရင် အဲလို ကိစ္စမျိုးတွေအတွက် Facebook မှာ တင်တယ်ဆိုတာ ဘယ်သူ ဘယ်ဝါ ဆိုတာ တိတိကျကျ သိရရင် တရားစွဲ အရေးယူနိုင်တဲ့ ပုဒ်မပေါင်းများစွာ ရှိနေပါတယ်။ တရားစွဲ မယ် ဆိုရင်လည်း စွဲလို့ရတဲ့ အမှု အထောင်အသောင်းမက ရှိပါတယ်။ ဒါပေမယ့် တစ်ဦးချင်း ပုဂ္ဂိုလ်ရေးအရ သိပ်ထိခိုက်တဲ့ ကိစ္စလောက်ကလွဲရင် တရားစွဲဆိုကြတာမျိုး မကြားမသိရပါဘူး။ ယုတ်စွအဆုံး ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုကို ပေါ်ပေါ်တင်တင် လှုံ့ဆော်ခဲ့သူတွေ၊ သတ်မယ်ဖြစ်မယ် ပြောဆိုခဲ့သူတွေကိုတောင် အစိုးရဘက်က ဘာမှ အရေးယူတာမျိုး မလုပ်ခဲ့ပါ ဘူး။ အခု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ယူနီဖေါင်းနဲ့ ဓာတ်ပုံကိစ္စကျမှ အာမခံပေးလို့ မရ နိုင်တဲ့ ပုဒ်မတွေ တစ်ခုပြီး တစ်ခုတပ်၊ အရေးယူပြနေတာဟာ တပ်မတော်ဟာ သူနဲ့ ပတ်သက်ရင် ဘာကိုမှ သည်းခံမနေဘူးဆိုတဲ့ သဘောများ လား စဉ်းစားစရာ ဖြစ်နေပါတယ်။

နောက်ပြဿနာတစ်ခုက ဘယ်လို လူမျိုးကို အရေးယူမလဲဆိုတဲ့ ပြဿနာပါ။ ဓာတ်ပုံ၊ စာသားတစ်ခုခုကို ကိုယ်တိုင် ဖန်တီးတင်သူကို အရေးယူတယ် ဆိုတာမျိုးကတော့ သဘာ၀ ကျပါ တယ်။ ဒါမှမဟုတ် share တဲ့သူတွေကို အရေးယူမလား၊ ဒါဆိုရင် အရေးယူရမယ့်သူ အများကြီး ဖြစ်နေပါလိမ့်မယ်။ အခုနောက်ဆုံး ဖမ်းဆီးခံရတဲ့ ဦးပက်ထရစ်ဂွန်ဂျာလီ ပြောသလို သူဟာ အဲဒီ စွတ်စွဲထားတဲ့ ပုံကို ကိုယ်တိုင်လည်း မဖန်တီး၊ share တာလည်း မလုပ်ပဲ အခြားသူတစ်ယောက် ယောက်က Tag တွဲတာကို ခံရတာမျိုးဆိုရင် သူဟာ အပြစ်မရှိသူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် တပ်မ တော်နဲ့ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့ ပြည်သူတွေ သန်းနဲ့ချီ အသုံးပြုနေ၊ ခေတ်စားနေ တဲ့ facebook လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြတာ၊ ရှယ်တာတွေနဲ့ ပတ်သက်ရင် ဘယ်ဟာ တွေကိုတော့ဖြင့် အရေးယူမယ်၊ ဘယ်နည်းဘယ်ပုံ အရေးယူမယ်ဆိုတာ စနစ်တကျ ထုတ်ပြန် ထားသင့်ပါတယ်။ အာဏာပိုင်တွေထိရင် အရေးယူမယ် အခြား အဖွဲ့အစည်း၊ ခေါင်းဆောင်တွေကို ဘယ်လိုပဲ စော်ကားစော်ကား၊ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်အောင် ဘယ်လောက်ပဲ လှုံ့ဆော်လှုံ့ဆော် အရေးမယူ လျစ်လျူရှုထားမယ်ဆိုရင် ပြည်သူတွေရဲ့ ဝေဖန် ပြစ်တင်မှုကို ခံရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required