“ NCA စာချုပ်ပါ အချက်တွေ အကောင်အထည် ဖော်ဖို့ ပိုအရေးကြီးတယ်”

“ NCA စာချုပ်ပါ အချက်တွေ အကောင်အထည် ဖော်ဖို့ ပိုအရေးကြီးတယ်”

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ သူ့ရဲ့ Plan B  ကို အကောင်အထည် ဖော်လိုက်ပါပြီ။ အဲဒါကတော့ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံး အပစ် အခတ် ရပ်စဲရေးစာချုပ် ကိုလက်နက်ကိုင် တိုင်းရင်းသားတစ်ချို့နဲ့ လက်မှတ်ရေးထိုး လိုက်တာ ပါ။ အခုလို လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေ မစုံမလင်နဲ့ လက်မှတ်ထိုးလိုက်တဲ့အပေါ် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေကိုလည်း ခံရပါတယ်။ အစိုးရအနေနဲ့ ဒီဝေဖန်မှုတွေကို ကျော်လွှားပြီး ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းတွေ တကယ်ပဲ ချပေးနိုင်မလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုးပွဲမှာ သမ္မတ ဦးသိန်းစိန် ခုလို ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ သမိုင်းတန်ဖိုးက NCA ကို ဘယ်နှစ်ဖွဲ့ လက်မှတ်ရေးထိုး တယ် ဆိုတာထက် အားလုံးလက်ခံထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက် ထိထိ ရောက်ရောက် အကောင်အထည် ဖော်နိုင်လဲဆိုတဲ့ မှတ်ကျောက်အပေါ်မှာ အခြေခံပါလိမ့် မယ်” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သမ္မတ ဦးသိန်းစိန် ပြောစကားကို ထောက်ခံလိုပါ တယ်။ လက်ရှိ လက်မှတ်ရေးထိုးလိုက်ကြတဲ့ NCA စာချုပ်ဆိုတာဟာ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ နှစ်ဖက် အချိန်များစွာ ယူပြီးဆွေးနွေးညှိနှိုင်းခဲ့တဲ့ ရလဒ် ဖြစ်လို့ အလွန် အရေးကြီးပါတယ်။ ဒီ စာချုပ်ပါအတွင်း အနှစ်သာရနဲ့ အကောင်အထည် ဖော်နိုင်မှုဟာ တိုင်းပြည်အတွက် တကယ်ပဲ အရေးကြီးပါတယ်။ လတ်တလော လက်နက်ကိုင် အဖွဲ့အားလုံး မပါဝင်နိုင်သေးတာက ပြဿနာ တစ်ခုပါ။

အဲဒီ ပြဿနာနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးပွဲမှာ အမှာစကားပြောတဲ့ ကေအဲန်ယူဥက္က ဋ္ဌ စောမူတူးစေးဖိုးက ခုလို ပြောဆိုခဲ့ပါတယ်။ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို သဘောတူလက်ခံသော်လည်း လတ်တလော ပါဝင် လက်မှတ် မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော်အနေနဲ့ အင်အား သုံးတဲ့နည်းထက် ညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆိုတိုက်တွန်း လိုပါတယ်”ဆိုပြီး ပြောခဲ့တာပါ။ ဒါဟာလည်းအတော်လေးကို အလေးထား ဖို့ကောင်းတဲ့ စကားတစ်ခွန်းပါ။ တကယ်လို့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကို တပ်မတော်ဘက်က ဖိအားပေး စစ်ဆင် တိုက်ခိုက်တာမျိုး လုပ်မယ်ဆိုရင်တော့ လက်ရှိ ရထားပြီးသား အောင်မြင်မှုတောင် ဆုံးရှုံးသွားနိုင်စရာ ရှိပါတယ်။

နဂိုတုန်းကတော့ သမ္မတ ဦးသိန်းစိန်၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်လာဖို့ တစ်စိုက်မတ်မတ် ကြိုးစားခဲ့တဲ့ ဝန်ကြီး ဦးအောင်မင်းတို့ဟာ တကယ့်ကိုပဲ တစ်တိုင်းပြည်လုံး ပါဝင်မယ့် အပစ်ရပ် စာချုပ်ဖြစ်အောင် ကြိုးစားခဲ့ကြပါသေးတယ်။ ငြိမ်းချမ်းရေးရအောင် မှန်ကန်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားခဲ့ကြတယ် ဆိုရင်လည်း မမှားပါဘူး။ အဲဒါတွေက တော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပထမအဆင့် တစ်တိုင်းပြည်လုံး အပစ်ရပ်ကြမယ်၊ ပြီးရင် နိုင်ငံရေး ဆွေးနွေးနဲ့ ပတ်သက်တဲ့ မူဘောင်ရေးဆွဲမယ်၊ မူဘောင်က ချမှတ်ထားတဲ့အ တိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပမယ်၊နိုင်ငံရေးဆွေးနွေးပွဲက ရလာတဲ့ ရလာဒ်အပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်၊ အဲဒီ အခြေခံဥပဒေနဲ့အတူ စစ်မှန်တဲ့ ဖယ်ဒ ရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ကြမယ် ဆိုတာမျိုး ဖြစ်ပါတယ်။

အစိုးရဘက်က ချဉ်းကပ်နည်းရဲ့ ထူးခြားချက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ သဘောတူညီချက် တစ်စုံတစ်ရာ မရမချင်း လက်နက်ကိုင် တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်လက်နက်ကိုယ် ကိုင်ဆောင်ထားခွင့်၊ ကိုယ့်ပါတီ၊ ကိုယ့်တပ် ဖျက်သိမ်းစရာ မလိုပဲ ကိုယ့်နယ်မြေကို ကိုယ်ထိန်းချုပ်ခွင့် ရထားကြမှာ ဖြစ်ပါတယ်။ ဒီလို အခွင့်အရေးအမျိုး၊ ကမ်းလှမ်းမှုမျိုး အရင်အစိုးရ အဆက်ဆက်က လုပ်ခဲ့ဖူးတာ မရှိလို့လည်း နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တိုက်ခိုက်လာတဲ့ ကေအဲန်ယူလို အဖွဲ့ကြီးက ယုံကြည်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး ကြိုးစားတဲ့ ၄ နှစ်တာအတွင်း ပြဿနာတွေနဲ့ လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါတွေကတော့ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်မ တော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်တာ၊ လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ရဲ့ အကူအညီနဲ့ ကိုးကန့်၊ တအာန်းပလောင်၊ ရခိုင် AA တပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး အစိုးရနဲ့ ကြီးကျယ်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အစိုးရဟာ NCA အပစ်ရပ်စာချုပ် သဘောတူညီချက်ရအောင် ကြိုးစားခဲ့ပေမယ့်၊ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ အဲဒီ အဖွဲ့တွေကို စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ သဘောမတူခဲ့ပါဘူး။ ဒီပြဿနာကြောင့်ပဲ သြဂုတ်လကတည်း က အပြည့်အဝ သဘောတူညီချက် ရထားတဲ့ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ နှောင့်နှေးနေခဲ့ ရတာပါ။

နဂိုတုန်းကတော့ အစိုးရဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကြီးကို လက်မှတ် ရေးထိုးဖြစ်မယ်ဆိုရင် အမေရိကန် သမ္မတဟောင်းတွေ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်လို ပုဂ္ဂိုလ်တွေ၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသူတွေ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ အာစီယံ နိုင်ငံတွေတင်မက ဂျပန်၊ အမေရိကန်၊ ဥရောပသမဂ္ဂလို နိုင်ငံက အကြီးတန်း သံတ မန်တွေကိုပါ ဖိတ်ခေါ်ပြီး အလွန်ကြီးကျယ်ခမ်းနား တဲ့ ပွဲကြီးလမ်းကြီး ဆင်နွှဲဖို့ စိတ်ကူးယဉ် ထားကြတာပါ။ ဒါပေမယ့် အဲဒီ Plan A မဖြစ်တော့တဲ့အခါ အခုနောက်ဆုံး လက်နက်ကိုင် ၈ ဖွဲ့ နဲ့ Plan B ကိုပဲ အကောင်အထည် ဖော်လိုက်ရတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်မှတ်ရေးထိုးပွဲဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် ပထမဦးဆုံး ခြေလှမ်းဖြစ်တယ်ဆိုပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ကတော့ အားပေးကြ ပါတယ်။ အပစ်ရပ်စာချုပ်ထဲကို နောက်ထပ် လက်နက်ကိုင်အဖွဲ့တွေ လက်မှတ် ထိုးလာစေဖို့ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။ ဆက်ပြီးတော့ အကူအညီ ပေးကြမယ်လို့လည်း ကတိပြုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့လာမယ့် အနာဂတ် မြန်မာ ပြည် ငြိမ်းချမ်းရေး ပိုပြီး တိုးတက်လာမလား၊ ဆုတ်ယုတ်သွားမလား ဆိုတာကတော့ သမ္မတ ဦးသိန်းစိန် ပြောသလို လက်ရှိ NCA လက်မှတ်ထိုးလိုက်တဲ့ အစိုးရ၊ တပ်မတော်နဲ့ လက်နက် ကိုင် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့ရဲ့ စာချုပ်ကို လိုက်နာ အကောင်အထည် ဖော်နိုင်မှုအပေါ်မှာ အဓိက တည်မှီနေမယ် ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required