၈၈၈၈ အရေးတော်ပုံရဲ့ လာရာနဲ့ လားရာက ဘယ်လဲ (ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းချက်)

၈၈၈၈ အရေးတော်ပုံရဲ့ လာရာနဲ့ လားရာက ဘယ်လဲ (ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းချက်)

မဇ္ဈိမ
၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်မှာ ပေါ်ပေါက်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးဟာ ၂၀၁၉ ခုနှစ်မှာတော့ ၃၁ နှစ်ပြည့်ခဲ့ပါပြီ။ ၈၈၈၈ ရဲ့ ရည်မှန်းချက်ကဘာတွေလဲ။ရည်မှန်းချက်တွေ ဘယ်လောက် ပေါက်မြောက်ခဲ့ပြီလဲ။ ၈၈၈၈ ရဲ့ လာရာနဲ့လားရာကဘာလဲ။ ၈၈၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လည်းဖြစ် ပြည်သူ့ပါတီ တည်ထောင်သူနဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ မဇ္ဈိမတို့ တွေ့ဆုံမေးမြန်းထားတာကို ဖေါ်ပြလိုက်ပါတယ်။

မေး- ၈၈၈၈ အရေးတော်ပုံကြီးပေါ်ပေါက်ခဲ့တာဟာ ဒီနှစ် ၂၀၁၉ ခုနှစ်မှာ ၃၁ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီတော့ ဒီနှစ် နှစ်ပတ်လည်နေ့မှာ ၈၈၈၈ လုံးနဲ့ ပတ်သက်ပြီးတော့ အမှတ်တရ စကားပြန်ပြီးတော့ ပထမဆုံး ပြောပြပေးပါ ခင်ဗျာ့။

ဖြေ - စပြောရမယ်ဆိုရင် BBC ကနေပြီးတော့ ၈၈၈၈ နေ့ပေါ့။ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာ လူထု ဆန္ဒ ပြပွဲကြီး လုပ်မယ်လို့ ကြေငြာထားတဲ့အခါကျတော့ အကုန်လုံးက ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ တကယ့် တကယ်တမ်းက ကြိုပြီးတော့ မသိကြဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း ဆူးလေဘုရားနားပေါ့။ ၃၃ လမ်း၊ ၃၄ လမ်း အဲ့နားပတ်ဝန်းကျင်မှာ ရုတ်စု၊ ရုတ်စုနဲ့ ကျွန်တော်တို့ စုနေကြတယ်။ ကျွန်တော်တို့ ဆူးလေ မီးပွိုင့်မှာ စောင့်နေကြရင်းနဲ့ ဘားလမ်း ၃၃ လမ်းပေါ့၊ အဲ့ဒီကနေ ခွပ်ဒေါင်းအလံနဲ့ထွက်လာတဲ့အချိန်မှာ အဲ့ဒီကနေ ပူးပေါင်းပြီးတော့ ချီတက်လိုက်ကြတာ မြို့ကိုအပြည့်ပေါ့လေ ပတ်ကြတာ။ အဲ့ဒီတုန်းကတော့ လမ်းအတားအဆီးတွေလည်း ရှိကြတဲ့အခါကျတော့ အဲ့ဒီအတားအဆီးတွေကြားထဲကပဲ တောက်လျောက် ချီတက်ကြ၊ပတ်ကြ ဘေးမှာရှိတဲ့ စျေးသည်တွေကအစ သောက်ရေတွေ၊ ဖရဲသီးတွေဝေကြ ကမ်းကြပေါ့လေ။ အဲ့ဒါမျိုး ပြည်သူတွေကပါ ဝိုင်းပြီးကြတော့ ဒီပွဲကြီးဟာ တကယ့်ကို ရန်ကုန်တမြို့လုံး ချီတက်ဆန္ဒပြတဲ့ပွဲကြီး ဖြစ်သွားတယ်ပေါ့လေ။ ဒါကတော့ ၈၈၈၈ နေ့နဲ့ ပတ်သက်တဲ့ဟာပေါ့လေ။ ညပိုင်းကျတော့ မြို့တော်ခန်းမ ရှေ့မှာ တရားပွဲတွေလုပ်ကြ တစ်ယောက်ပြီးတစ်ယောက် တက်ပြီးဟောကြတဲ့အချိန်မှာ ကားတွေနဲ့ ရောက် လာကြတယ်။ နောက်ပြီးတော့ လူစုခွဲဖို့ပြောတယ်။ အဲ့ဒီညဘက်မှာပဲ ပစ်ခတ်နှိမ်နင်းတာတွေ ဖြစ်တဲ့ အခါကျ တော့ ကျွန်တော်တို့လည်းပြေးကြရတာပေါ့လေ။ အဲ့ဒါကတော့ ၈၈၈၈ နေ့ တစ်နေကုန် မောပန်း ပြီးတော့ ညဘက်တရားပွဲမှာ ပစ်ခတ်ကြတော့ အကုန်လုံး ကစဥ့်ကလျားနဲ့ ထွက်ပြေးကြရတာဟာ လွန်ခဲ့တဲ့ ၃၁ နှစ်က အတွေ့အကြုံပါပဲ။

 မေး - အဲ့ဒီတော့ တစ်နေ့တာပေါ့နော် ပြန်ပြီးတော့ ကောက်ပြီးမေးရမယ်ဆိုရင် မှတ်မှတ်ရရပြောနိုင်မယ့် ဖြစ်ရပ်က ဘာများဖြစ်မလဲဗျ။
ဖြေ - အဲ့ဒီအချိန်တုန်းက လုံခြုံရေးတာဝန်ယူထားတဲ့ တပ်မတော်သားတွေကိုတွေ့တာနဲ့ ဝိုင်းပြီးတော့ အော်ကြတယ် ကြွေးကြော်ကြတယ်။ ပြည်သူ့စစ်သား ဒို့စစ်သား၊ ပြည်သူ့စစ်သား ဒို့စစ်သားဆိုပြီးတော့ အော်ကြပေါ့။ လက်ထဲမှာ ပါလာတဲ့ စားစရာတွေလည်းလှမ်းပြီးတော့ပေးကြ။ အဲ့ဒီတော့ ညဘက်မှာ ပစ်ခတ်ခံလိုက်ရတဲ့အခါကျတော့ လူတွေက တော်တော်လည်းကြောက်သွားကြတယ်။ တော်တော်လည်း စိတ်ထိခိုက်သွားကြတယ်။ ဒါလေးကတော့ မှတ်မှတ်ရရပါပဲ။

မေး - တဆက်တည်းမှာပဲ မေးချင်တာက ၈၈၈၈ ဟာ အထွေထွေအကျပ်အတည်းကြောင့် ပေါ်ပေါက်လာတယ် လို့ ပြောလို့ရပါတယ်။ ဆိုတော့ ဦးကိုကိုကြီးတို့လို ကျောင်းသားခေါင်းဆောင်တွေပေါ့လေ ဒီလို လှုပ်ရှားမှုမှာ စပါလာတာလဲခင်ဗျာ့။

ဖြေ - ကျွန်တော်က ရှစ်လေးလုံး  ၃၁ နှစ်ပြည့် ဖြစ်တဲ့အတွက်ကြောင့် ၈၈၈၈ နေ့ကို ကွက်ပြီးပြောတာပေါ့လေ။ တကယ်က ကျောင်းထဲမှာ လှုပ်ရှားမှုတွေ စဖြစ်တာက ၁၉၈၇ စက်တင်ဘာ ၅ ရက် ငွေစက္ကူတွေ ဖျက်သိမ်း တယ်ဆိုတဲ့ အချိန်မှာ ကျွန်တော်က အိမ်ပြန်ပြီးတော့ မုန့်ဖိုးသွားယူတယ်။ သွားယူပြီးတော့ ပြန်လာတယ်။ တက္ကသိုလ်ဆရာများရိပ်သာဝန်းထဲမှာ Private Study ပေးတယ်ဆိုရင် အဲ့ဒီမှာပဲအိပ်၊ အဲ့ဒီမှာပဲစား နေတော့ အိမ်ကနေ ပိုက်ဆံယူပြီးပြန်လာတော့ လိုင်းကားပေါ်မှာတင် အကြွေမရှိလို့ဆိုပြီးတော့ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံတွေ အမ်းပေးလိုက်သေးတယ်။ ပြန်ဆင်းလာတော့ အဲ့ဒီ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်တွေ ဖျက်သိမ်းလိုက်ပြီဆိုတော့ စားသောက်ဆိုင်မှာ စားရင်းသောက်ရင်းနဲ့ကို ဒီပိုက်ဆံတွေကို စားသောက်ဆိုင် တွေက လက်မခံတော့ဘူး။ အဲ့ဒီမှာ အကုန်လုံးက ဝူးဝူးဝါးဝါးနဲ့ အော်ကြ ဟစ်ကြနဲ့ ညဘက်မှာလည်း ကျောင်း ဝန်း ထဲမှာ လှည့်ပြီးတော့ဆန္ဒပြကြတယ်ပေါ့လေ။ ဒါဟာ ၈၈၈၈ မဖြစ်ခင်မှာ ပထမဦးဆုံး ကျောင်းတွင်း ဆန္ဒပြပွဲဖြစ်ခဲ့တာလို့ ပြောလို့ရတာပေါ့။ အဲ့ဒီနောက်တော့ မတ်လ ၁၃ ရက်မှာ ကိုဘုန်းမော် RIT အရပ်သား၊ ကျောင်းသား ပဋိပက္ခကနေ သတင်းမှန် မထုတ်ပြန်ဘဲနဲ့ အကြမ်းဖက်ဖြိုခွင်းတာ၊ ကျောင်းသားတွေ သေဆုံး သွားပြီး ကျောင်းသားတွေအပေါ်မှာ အပြစ်ဖို့တာ၊ လုပ်ကြံပြီးသတင်းထုတ်ပြန်တာတွေ အပေါ်မှာ အကြောင်း ပြုပြီး တော့ ပေါက်ကွဲတာပေါ့လေ။ အဲ့ဒီကနေ မတ်လ ၁၆ ရက် တံတားနီနေ့။ အဲ့ဒီကနေ ဇွန် ၂၁ မြေနီကုန်း လှုပ်ရှားမှု အဲ့ဒီကနေပြီးတော့မှ ကျောင်းတွေပိတ်ပြီးသွားတဲ့အချိန်မှာ ပြန့်ကျဲသွားတဲ့ ကျောင်းသားတွေကို လိုက်စုစည်းပြီးတော့မှ ကျောင်းသားသမဂ္ဂပေါ်ပေါက်ဖို့ ကြိုးစားကြတယ်ပေါ့။ UG ပေါ့လေ အိမ်မှာလည်း ပြန်မအိပ်ကြတော့ဘူး။ အဲ့ဒီကာလတွေတောက်လျောက်က အတော့်ကိုပင်ပန်းတဲ့ အထိတ်ထိတ် အလန့်လန့်နဲ့ လုပ်ခဲ့ရတဲ့ကာလတွေပေါ့။ အဲ့ဒါတွေပြီးတော့မှ ၈၈၈၈ နီးတော့မှ တဖြည်းဖြည်းနဲ့ အရှိန်က မြင့်လာတာပေါ့။ အဲ့ဒီအချိန်အထိကို ကျွန်တော်တို့ကို ဦးဆောင်ဦးရွက် ပြုပေးမယ့် နိုင်ငံရေး ခေါင်းဆောင်ဆိုတာမျိုး မရှိသေးဘူး။ ကျောင်းသားတွေက ကိုယ့်မကျေနပ်မှုနဲ့ မတရားမှုကို ဆန့်ကျင်တယ်ဆိုတဲ့ ပေါက်ကွဲမှုကို စတင်ခဲ့တာဟာ ၈၈၈၈ အရေးတော်ပုံကြီး ပြီးသွားတဲ့အခါကျမှသာ နောက်ပိုင်းမှာ ထင်ရှားတဲ့လူထုခေါင်းဆောင်တွေ ထွက်လာ ကြတာပေါ့လေ။ ဒါဟာ ၈၈၈၈ ရဲ့ ထူးခြားတဲ့ အသွင်လက္ခဏာလို့ ပြောလို့ရတယ်။ နိုင်ငံတကာမှာ လူထု လှုပ်ရှားမှုတွေဆိုတာ ဘယ်သူဦးဆောင်တယ်။ ဘယ်ပါတီဦးဆောင်တယ်ဆိုတာမျိုးရှိပေမယ့် ၈၈၈၈ အရေး တော်ပုံကြီးဟာ တကယ့် လူထုတော်လှန်ရေးစစ်စစ်။ လူထုက ဦးဆောင်တဲ့တော်လှန်ရေး ၊ အဲ့ဒီတော်လှန်ရေး ကနေပြီးတော့မှ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို မွေးထုတ်ပေးလိုက်တာဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ထူးခြားချက်လို့ပြောရမှာပါ။
မေး - တဆက်တည်းမှာပဲ ထပ်ပြီးတော့မေးချင်တာကတော့ ၈၈၈၈ ဟာ လူထုရဲ့ အထွေထွေ အကျပ်အတည်း ကနေ ပေါ်ပေါက်လာပြီး ဒီမိုကရေစီရဖို့ တကယ့်ကိုတောင်းဆိုခဲ့ကြတာပေါ့လေ။ အဲ့ဒီ ၈၈၈၈ ကနေပြီးတော့ လူထုတောင်းဆိုတဲ့ လိုလားချက်တွေက အခု ၃၁ နှစ်ကြာတဲ့အခါမှာ ဘယ်လောက်အထိ နီးနီးစပ်စပ်ရရှိပြီလဲ။

ဖြေ - အဲ့ဒီတုန်းက နိုင်ငံရေဆန်တဲ့ ကြွေးကြော်သံပြောပါဆိုရင် တစ်ပါတီအာဏာရှင်စနစ်ပြုတ်ကျရေး ဒို့အရေးပေါ့လေ။ တစ်ပါတီအာဏာရှင်စနစ်အလိုမရှိ။ ဒီမိုကရေစီရရှိရေး ဒို့အရေး။ နောက်တစ်ခုကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေးပေါ့။ ဒါကတော့ နိုင်ငံရေးနဲ့ တိုက်ရိုက်သက်ဆိုင်တာပေါ့လေ။ ဒါပေမယ့် တချို့ကြွေးကြော်သံတွေပြန်ကြည့်ရင် တကယ့်ကို ရယ်စရာကောင်းတယ် ဘယ်သူတစ်ယောက်ကမှ ခေါင်းဆောင် တစ်ယောက်ယောက်က အဖွဲ့အစည်းပါတီတစ်ခုခုက ချပေးတဲ့ ကြွေးကြော်သံတွေ မဟုတ်ဘူး ဆိုတာ သိပ်သိသာတယ်။ သေမှာမကြောက်လို့ ပေတစ်ရာလျောက် အာဏာရှင်တွေ Get Out Get Out ဆိုတာ ဒါက လူထုက သူ့ဘာသာသူဖြစ်လာတာ။ ဘဲဥတစ်လုံး တစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ ဆိုတာတွေ ကျွန်တော်တို့ က ဒါတွေကို အခုချိန်ပြန်ကြည့်တဲ့အခါကျတော့ လူပုဂ္ဂိုလ်ရေးရာအရ ကြွေးကြော်သံတွေဖြစ်ပေမယ့် အဲ့ဒီ အချိန်တုန်းက လူထုက သူတို့စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း နဖူးပြောင်ပြောင် ဦးမောင်မောင် ဒီမိုကရေစီ ပေးလိုက်ပါလား စသဖြင့်ပေါ့လေ တကယ့်ကို လူထုကသူတို့အသံကို ဖေါ်ထုတ်ခဲ့ကြတဲ့ပွဲလို့ ပြောလို့ရတယ်။
ဆိုတော့ ဒီနေ့ ၃၁ နှစ်ရောက်လာပြီဆိုတဲ့အချိန်မှာ မူလကြွေးကြော်သံတွေဖြစ်တဲ့ တစ်ပါတီစနစ် အလိုမရှိလို့ ပြောတဲ့ တရားဝင်ကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ၁၉၇၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒါတွေပျက်သုဉ်း သွားတယ်။ ပြီးတဲ့အခါကျတော့ အခု အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာတယ်။ နောက် ဖါးတစ်ပိုင်းငါးတစ်ပိုင်း အစိုးရနဲ့လွှတ်တော် ပေါ်လာတယ်ပေါ့။ ဆိုတော့ ၃၁ နှစ်တာနဲ့ ပြန်ကြည့်ရင် အခု လူထု ရွေးကောက်ထားတဲ့သမ္မတ ၇၅ ရာခိုင်နှုန်းသော ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်၊ တပ်ချုပ်က အမည် စာရင်း တင်သွင်းတဲ့ ဝန်ကြီးဌာန သုံးခုကလွဲရင် သမ္မတက အမည်စာရင်းတင်သွင်းတဲ့ ခန့်အပ်တဲ့အစိုးရအဖွဲ့ ဒီအခြေအနေရောက်လာတာကတော့ ၃၁ နှစ်မှာ အမြင့်ဆုံး အခြေအနေကို ရရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ သို့သော် ဒီမိုကရေစီရရှိရေးဆိုတော့ ဒီမိုကရေစီဆိုတာရှေ့မှာ နာမဝိသေသန တစ်ခုခု ထည့်လိုက်ရင် အဲ့ဒါ ရှုပ်ထွေးအောင်လုပ်တာပဲ။ စည်းကမ်းပြည့်ဝသောတို့၊ စစ်မှန်သောတို့ ဆိုတော့ စစ်မှန်သောဆိုတာ ဘယ်ပေတံနဲ့တိုင်းမလဲ။ စည်းကမ်းပြည့်ဝသောတို့ ဒါတွေက ဒီမိုကရေစီကို ပုံပျက်စေတာပဲ။ ကျွန်တော်တို့ သဘောအရ ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ဒီမိုကေရစီလို့ပြောရင် တရားဥပဒေစိုးမိုးမှုတွေပါတယ် လွတ်လပ်ခွင့် တွေပါတယ်။ စောင့်ထိန်းမှုတွေပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေပါတယ်။ ဒီမိုကရေစီရဲ့ သဘာဝမှာ အဲ့ဒါတွေ အကျုံးဝင်ပြီးသား ပါပြီးသားပဲ ကျွန်တော်တို့နိုင်ငံမှာ နာမဝိသေသနတွေတပ်ပြီဆိုရင် အဲ့ဒါ မရိုးသား တော့ဘူးလို့ ကျွန်တော်မြင်တယ်။ ရိုးရိုးသားသားဆိုရင် ဒီမိုကရေစီဟာ ဒီမိုကရေစီပဲ ဒီမိုကရေစီရဲ့ အဓိပ္ပါယ် ထဲမှာ တရားဥပဒေစိုးမိုးရေးတွေ တာဝန်နဲ့ရပိုင်ခွင့်တွေ ဒါတွေအားလုံး အကျုံးဝင်ပြီးသားဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့မျှော်လင့်သလောက်တော့ ရမလာသေးဘူးလို့ ပြောရမှာပါ။

 မေး - ၈၈၈၈ အရေးတော်ပုံကြီးမှာ ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့တယ်ဆိုသော်လည်း ဘေးထွက်ဆိုးကျိုး တွေလည်း ရှိတာပေါ့လေ။ အသက်တွေစတေးခဲ့ရတယ်။ နှစ်ရှည်လများ ထောင်ဒဏ်တွေ ကျခံခဲ့ရတယ်။ ၈၈၈၈ အရေးတော်ပုံနဲ့ ဆက်စပ်ပြီးတော့ပေါ့လေ။ ၂၀၁၀ ကျတော့မှ အရပ်သားတစ်ပိုင်း အစိုးရပေါ်ပေါက် လာခဲ့တယ် ဆိုတော့ နှစ်ပေါင်း ၂၀ ကျော် ၃၀ ကျမှ ဒီအခြေအနေ ဖြစ်တယ်ဆိုတော့ တန်ရဲ့လားခင်ဗျာ့။

 ဖြေ- ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ခေါင်းဆောင်မှုပြဿနာရှိနေတယ်လို့ ကျွန်တော်တော့မြင် တယ်။ ခေါင်းဆောင်မှုဆိုတာ ကျွန်တော်တို့ဆီမှာ နည်းနည်းစိမ်းတယ်။ လူတွေက ခေါင်းဆောင်ကိုပဲမြင်တယ် လူတွေကိုပဲမြင်တယ်။ အထင်ရှားဆုံးပြောရရင် ဗိုလ်ချုပ်အောင်ဆန်းပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံး သွားတယ်။ သို့သော် သူ့ရဲခေါင်းဆောင်မှုက အခိုင်အမာကျန်ခဲ့တယ်။ သူမရှိလည်း လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ရေး ရရှိမှုက ဆက်သွားတယ်သူက ခေါင်းဆောင်မှုကို ခိုင်ခိုင်မာမာချခဲ့တယ်။ ဥပမာအားဖြင့် နိုင်ငံရေး အရ အရေးကြီးတဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့ ။ ဒါကို သူ အုတ်မြစ်ချခဲ့တယ်။ စီးပွားရေးနဲ့ ပတ်သက် လို့လည်း စီမံကိန်းတွေချခဲ့တယ်။ အိုင်စီအက်စ် ဦးတင်ထွဋ်တို့ အကူအညီနဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုတွေ စဉ်းစားခဲ့တယ်။ တပ်မတော်ဆိုရင်လည်း ဂျပန်စစ်ပညာသင်ခဲ့တဲ့ တပ်မတော်ကနေပြီးတော့ သူကိုယ်တိုင် တပ်ကနေထွက်ပြီးတော့ တပ်ကို တကယ့် Professional တပ်ဖြစ်အောင် တကယ့် Professional စစ်သားတွေ ဖြစ်အောင် အုတ်မြစ်တွေချခဲ့တော့ သူ့ရဲ့ Leadership က အခိုင်အမာချခဲ့တော့ ရုတ်တရက်ပြုန်းစားကြီးနော် လုပ်ကြံခံလိုက်ရတယ်ဆိုတာတောင်မှ နောက် လူတွေက ဒီ Leadership ကို ဆက်သွားတဲ့အခါကျတော့ ကျွန်တော်တို့ကတော့ ၈၈ ကာလမှာတည်းက လှုပ်ရှားမှုက အထွဋ်အထိတ်ကို ရောက်သွားပြီ။ အမြင့်ဆုံးကို ရောက်သွားပြီ ပွဲသိမ်းဖို့အခြေအနေရောက်တဲ့အချိန်မှာ ပွဲမသိမ်းနိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲ့ဒီအချိန်မှာ ပေါ်လာတဲ့ ခေါင်းဆောင်တွေကြားထဲမှာ သဘောထားညိနှိုင်းလို့မရဘူး။ အဲ့ဒီအချိန်မှာ တော်တော်ကို အရေး ပါတဲ့ ဆုံးရှုံးမှုလို့ပြောရင် ဦးနုက နိုင်ငံရေးအရ တကယ့်ကို သဘာရင့် ဝါရင့်ပုဂ္ဂိုလ်ဖြစ်တဲ့အခါကျတော့ ဒါဟာ အာဏာအဆင့်ရောက်နေပြီဆိုတာကိုသိတယ်။ သိတဲ့အခါကျတော့ သူက စင်ပြိုင်အစိုးရကြေညာတယ်။ တစ်ချိန်တည်းမှာပဲ ချေနှစ်ချေ လက်စားမချေဘူး။ သင်ပုန်းချေမယ်။ အဲ့ဒီနည်းနဲ့ ပြီးခဲ့တာတွေကို ခွင့်လွှတ်မယ် သင်ပုန်းချေမယ် ပြီးတော့ စင်ပြိုင်အစိုးရကနေပြီးတော့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကြေညာခဲ့တဲ့ လှုပ်ရှားမှု ဟာ ၈၈၈၈ ကာလမှာ အရေးကြီးဆုံးလှုပ်ရှားမှုပဲ။ သို့သော် အဲ့ဒီဟာလည်း ဝိုင်းပြီးကန့်ကွက်တာကြောင့် မအောင်မြင်ပဲ ပျက်စီးသွားတယ်။ ကန့်ကွက်တဲ့လူတွေရဲ့ နိုင်ငံရေးလမ်းကြောင်းက ဘာလဲဆိုတော့ ကြားဖြတ် အစိုးရဖွဲ့စည်းရေးကို အာဏာသိမ်းတဲ့အထိ အော်တုန်းပဲရှိသေးတယ်။ ပြီးတော့ ကြားဖြတ်အစိုးရကို ဘယ်သူ့ ဆီက တောင်းနေတာလဲဆိုတော့ အာဏာမရှိတော့တဲ့အစိုးရဆီမှာ တောင်းနေတာ။ မြို့တွေ၊ ရွာတွေရဲ့ အုပ်ချုပ်ရေး အားလုံးဟာ သပိတ်ကော်မတီဆီ ရောက်နေပြီ ဝန်ထမ်းအဖွဲ့အစည်းတွေအားလုံးဟာ သပိတ်မှောက်နေပြီ။ ကိုယ့်ဘက်ကသာ အာဏာအဆင့်ကိုကိုင်တွယ်နိုင်မယ်ဆိုရင် ဝန်ထမ်းတွေအားလုံး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအားလုံးဟာ ပြည်သူတွေလက်ထဲမှာ ရောက်နေတာ၊ အဲ့ဒီအခြေအနေမှာ ကျွန်တော်တို့ဟာ ပွဲမသိမ်းနိုင်ဘူး နိဂုံးမချုပ်နိုင်ဘူး။ နောက်ဆုံးတော့ စစ်တပ်က အာဏာသိမ်းတာနဲ့ပဲ နိဂုံးချုပ်သွားတာပေါ့ သိပ်နှမြောဖို့ကောင်းတယ် ဒါကို ပြန်တွေးလို့ရှိရင်ပေါ့။
နောက်တစ်ခုက နိုင်ငံရေးမှာ ရိုးရိုးလေးပဲစဉ်းစားရင် တော်လှန်ရေးနည်းနဲ့ အပြုတ်တိုက်ပြီး အပြောင်းအလဲ လုပ်မှာလား၊ သို့မဟုတ် စေ့စပ်ညိနှိုင်းဆွေးနွေးပြီးတော့ တရွေ့ရွေ့ဆင့်ကဲပြောင်းလဲဖြစ်စဉ်ကို သွားမှာလား။ Revelation လား Evolution လား။ သို့သော် Evolution ဆိုတာ လက်ဝေခံတောင်းတာမဟုတ်ဘူး။ Evolution ဆိုပေမယ့် ရုန်းကုန်လှုပ်ရှားရတယ်ဆိုတာ အဆင့်တိုင်းမှာရှိတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ ကျွန်တော်တို့ဟာ တော်လှန်ရေးလား တစ်ဘက်ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ကျယ်ကျယ် လောင်လောင် အော်တယ်။ ကျွန်တော်တို့ဟာ အခုထိ နိုင်ငံရေးအရ လိုင်းမပြတ်ဘူး။ အဲ့ဒီအခက်အခဲဟာ ၃၁ နှစ်အထိကြာလာတယ်လို့ ပြောလို့ရတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ ထိရောက်တဲ့ သေချာတဲ့ စေ့စပ် ညှိနှိုင်း မှုတွေ လုပ်နိုင်မယ်ဆိုရင်လည်း ဒီကြားထဲမှာ ကျွန်တော်တို့ရလဒ်တွေ ထွက်နိုင်တယ်။ တစ်ခုတော့ ပြောစရာရှိတယ်။ ဒီဘက် Dialogue ပြောနေတာပဲ သူတို့ကမှမလုပ်တာကိုးဆိုပြီး ပြောကြပေမယ့် တကယ်တမ်းက ဒီ့ထက်အများကြီးသိမ်မွေ့တယ်။ ကျွန်တော်တို့က သူတို့ကို စေ့စပ်ဆွေးနွေးဖို့ သင့်တင့် လျောက်ပတ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်း ရှာဖွေနိုင်ခဲ့သလား ဘယ်လိုကမ်းလှမ်းမှုမျိုး ကျွန်တော်တို့ ပေးနိုင်ခဲ့သလဲဆိုတာတွေကို ကျွန်တော်တို့ ပြန်သုံးသပ်ဖို့လိုပါတယ်။ သို့သော် ပြည်သူတွေဘက်ကတော့ အင်မတန်တာဝန်ကျေပါတယ်။ မဲပေးဆိုလည်း မဲပုံးလျှံအောင်ပေးတာပဲ ဆန္ဒပြဆိုလည်း လမ်းပေါ်အပြည့် ထွက်လာတဲ့ပြည်သူဟာ အင်မတန်တာဝန်ကျေတဲ့ အင်မတန် ချီးကျူးဖို့ကောင်းတဲ့ပြည်သူလို့ ကျွန်တော် ကတော့ ၃၁ နှစ်မြောက်အခမ်းအနားမှာ ပြည်သူတွေကိုပဲဦးညွှတ်ပြီး ဂုဏ်ပြုချင်ပါတယ်။

 မေး- တဆက်တည်းမှာမေးချင်တာကတော့ အခုအချိန်မှာတော့ ပွင့်လင်းလာပြီပေါ့လေ။ ဒါပေမယ့် ၈၈၈၈ အခမ်းအနားတွေကို နဝတ လက်ထက် နအဖ လက်ထက်တွေမှာ ထောင်အတွင်း ခက်ခက်ခဲခဲနဲ့ ဘယ်လို ကျင်းပကြသလဲဆိုတာလည်း ပြောပေးပါဦးခင်ဗျာ့။
ဖြေ - ၈၈၈၈ မှာ ကိုယ်တိုင်လည်း ဦးဆောင်ပါဝင်ခဲ့တဲ့လူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ဘယ်နေရာမှာ ရောက်နေ ရောက်နေ အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့သူမှမဟုတ်ဘူး။ တောထဲရောက်နေတဲ့သူတွေလည်း ဒီနေ့ကိုတော့ တနည်းနည်းနဲ့ မပျက်မကွက် ဂုဏ်ပြုတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၈၈၈၈ အရေးတော်ပုံကြီးဟာ ဒီနေ့ရောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေအားလုံးရဲ့ အကြောင်းရင်းခံဖြစ်တဲ့အတွက် ဒီနေ့ ဒီရက်ကို ဂုဏ်ပြုတဲ့အခမ်းအနားကို ထောင်ထဲမှာလည်း ကျွန်တော်တို့လုပ်ပါတယ်။ ကျွန်တော်တို့ကို ထောင် ဝန်ထမ်းတွေက ကြီးကြပ်နေတဲ့ စောင့်ကြည့်နေတဲ့ကြားထဲမှာကိုပဲ ကော်ဖီလေးတွေ ဖျော်ပြီးတော့ အချင်းချင်း အမှတ်တရ စကားဝိုင်းတွေလုပ်တယ်။ ညဘက်မှာ တစ်ခန်းစီအမှတ်တရ စကားပြောတာမျိုးတွေလုပ်တယ်။ သိပ်ကျပ်တဲ့ အချိန်မျိုးမှာဆိုရင် တိတ်ဆိတ်ခြင်းအားဖြင့် ကျွန်တော်တို့ စကားပြောနေတာတွေကို ရပ်ပစ် လိုက်ပြီးတော့ Silent Demonstration ဆိုပြီးတော့ သိပ်ကျပ်တဲ့အချိန်မျိုးမှာဆိုရင်တော့ ကျွန်တော်တို့ ၈၈၈၈ အခမ်းအနား ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့တဲ့ လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ရောက်တဲ့နေရာမှာ နှစ်စဉ်ကျင်းပပါတယ်။
မေး - ဒီလိုမျိုးထောင်တွင်း အကျပ်အတည်းအမျိုးမျိုးကြားကနေ ၈၈၈၈ အခမ်းအနားတွေလုပ်တယ်။ နောက် အခု ပွင့်လင်းလာတဲ့ခေတ်ပေါ့လေ ၂၀၁၀ အလွန်ပေါ့။ ဒီဘက်ခေတ်မှာလည်း ၈၈၈၈ အခမ်းအနားတွေ လုပ်တယ် ဆိုတော့ ဒီနှစ်ခုကွာခြားချက်ကို ဘယ်လိုခံစားချက်မျိုးဖြစ်မိလဲ။

ဖြေ - ကျွန်တော်တို့ ရဲဘောတွေနဲ့ အားလုံးစုပြီးတော့လုပ်တဲ့ ဘုံအခမ်းအနားပေါ့။ ဒါကတော့ အများပြည်သူ လည်း ပါဝင်နိုင်တာမို့ ပိုပြီးတော့ ကျယ်ပြန့်တဲ့သဘောဆောင်တာပေါ့။ ကျွန်တော်တို့ပါတီမှာ ဦးဆောင်တဲ့သူ တော်တော်များများကတော့ ၈၈၈၈ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတာဖြစ်တယ်။ ပါတီမှတ်ပုံတင်ကျပြီး ပါတီဌာနချုပ်မှာ ပထမဆုံးလုပ်တဲ့ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ မိုးလုံလေလုံအခန်းထဲမှာ လုပ်ပြီးတော့ ပရိတ်သတ်နဲ့ စကားဝိုင်းလေးလုပ်နိုင်ခြင်းအားဖြင့် ဒီကနေပြီးတော့ ဆက်ပြီးတော့ ဆွေးနွေးစရာ စဉ်းစားစရာ ကုန်ကြမ်းတွေထွက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ ပွဲလေးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားတာပါ။

မေး - ဒီစကားဝိုင်းကို ၈၈၈၈ အရေးတော်ပုံရဲ့ လာရာနဲ့ လားရာဆိုပြီးတော့ အမည်တပ်ထားတာတွေ့ပါတယ်။ ဒီတော့ ၈၈၈၈ ရဲ့ လာရာနဲ့ လားရာဟာ ဘာများဖြစ်မလဲခင်ဗျာ့။

ဖြေ- ၈၈၈၈ ဘယ်ကနေဖြစ်လာသလဲ ဒါကတော့ လာရာပေါ့။  ဘယ်ကနေဖြစ်လာလဲဆိုတာကို ကျွန်တော် တို့က နိုင်ငံရေး ဝေါဟာရတပ်လိုက်တာက ဒီမိုကရေစီ ဆိတ်သုဉ်းလို့ ဒါကတော့ နိုင်ငံရေးအရ အကြောင်းရင်း ကို ရှာတာပေါ့။ ပြည်သူကြားထဲမှာ ကျွန်တော်တို့နိုင်ငံရေးသမားတွေ သတိထားဖို့က ပြည်သူရဲ့ နိုင်ငံရေးဟာ ထမင်းအိုးပဲ အင်မတန်ရိုးရှင်းတယ်။ ကျွန်တော်တို့နိုင်ငံရေးသမားတွေ ငြင်းခုန်နေတဲ့ နိုင်ငံရေး စကားလုံး တွေဟာ တစ်ခါတလေမှာ သူတို့လိုက်သာပြောနေမယ်။ သူတို့ရဲ့ပကတိဘဝနဲ့ ဒါပေမယ့် သူတို့ လေးလေး နက်နက်သိတဲ့ ကိစ္စက ကျွန်တော်တို့ငယ်ငယ်က မီးဖိုချောင်မှာ ဆန်အိတ်လိုက်ထောင်တယ်။ ဆီပုံးလိုက် ထားတယ်။ အဲ့ဒီအခြေအနေကနေပြီးတော့ ဆန် လက်သန်းတချိတ် ကျွတ်ကျွတ်အိတ်လေးနဲ့ ဝယ်စားတယ်၊ ဆီ တစ်ရက်စာ နှစ်ရက်စာ ဝယ်စားတဲ့အခြေအနေမျိုးကိုရောက်သွားတယ်။ အဲ့ဒီတော့ သူတို့သိတာ ဒါသည် သူတို့ရဲ့ နေ့စဉ်စားဝတ်နေရေးကို လာပြီးတော့ ထိခိုက်တယ်။ ဘယ်လောက်ထိ ထိခိုက်လဲဆိုတော့ ၈၈ ကာလမှာ ဝယ်စားစရာလည်း ပစ္စည်းလည်းမရှိဘူး ဆိုင်မရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဆိုရှယ်လစ် စီးပွားရေး စနစ်နဲ့ ပစ္စည်းတော်တော်များများကို မှောင်ခိုစျေးကွက်မှာ ဝယ်သုံးရတယ်။ အဲ့ဒီကြားထဲမှာမှ လက်ထဲမှာရှိတဲ့ ငွေကြေး တော်တော်များများကို တန်ဖိုးမဲ့ပေါ့။ ပြောရရင်တော့ နေ့ခင်းကြောင်တောင် ဓါးပြတိုက်ခံရတာပဲ။

အဲ့ဒီလိုဖြစ်သွားတဲ့ အချိန်ပြည်သူတွေကြားထဲမှာတော်တေ်ာလေး ပေါက်ကွဲတယ်။ ဒါပေမယ့် ဘယ်လို တုံ့ပြန် ရမှန်း မသိသေးဘူး။ အကြောက်တရားကလည်း ကြီးစိုးတယ်။ အစိုးရအကြောင်းပြောရင် နိုင်ငံရေး အကြောင်း ပြောရင် ဘေးဘီကြည့်ရတယ်။ နောက်က သတင်းပေးတဲ့သူရှိနေသလား။ ထောက်လှမ်းရေးနဲ့ ပတ်သက်နေ သလား။ ဘေးမှာဘယ်သူရှိနေသလဲ ဆိုတာတွေဖြစ်ပြီးတော့ ပြည်သူတွေကြောက်နေတဲ့အချိန်မှာ ကျောင်းသား တွေက ဒီအခြေအနေကို ဖေါက်ထွက်ပစ်လိုက်ရတာ။ လာရာ ဘယ်ကနေလာသလဲဆိုတော့ ပြည်သူတွေရဲ့ နိုင်ငံရေးကတော့သူ့ရဲ့စားဝတ်နေရေးဟာ သိသိသာသာကြီးကို ကျပ်တည်းလာတဲ့အတွက်ကြောင့် လူထု တစ်ရပ်လုံးပါလာတယ်။ အဲ့ဒီအချိန်မှာ နိုင်ငံရေးသမားက ခေါင်းစဉ်တပ်ပေးလိုက်တယ်။ အဲ့ဒါဟာ ဒီမိုကရေစီ ဆိတ်သုဉ်းလို့။ ဒီအာဏာရ အစိုးရဟာ တစ်ပါတီတည်း ထင်ရာစိုင်းနေပြီးတော့ သူ့ကို ဝေဖန်မယ့် ထောက်ပြ မယ့် အပြန်အလှန် အထိန်းအထေလုပ်မယ့် အတိုက်အခံကို လက်မခံဘူး ခွင့်မပြုဘူး။ အတိုက်အခံကို သတ်ပစ် တဲ့ အတွက်ကြောင့် အာဏာရ ပါတီဟာ ဘာတွေဖြစ်နေသလဲဆိုတဲ့ မြေပြင်အခြေအနေကို သူမသိတော့ဘူး။ သို့မဟုတ် မသိချင်ဟန်ဆောင်တာလည်း ဖြစ်နိုင်တယ်။ အဲ့ဒီအတွက် တဖြည်းဖြည်းနဲ့ လက်လွန်ခြေလွန် ဖြစ်ပြီးတော့မှ လူထုပေါက်ကွဲတဲ့အခါကျမှ တစ်ပါတီကြိုက်သလား ပါတီစုံကြိုက်သလားတို့ မေးတဲ့အခါ လူထု ဘက်က ဒေါသကအရှိန်အရမ်းတက်နေပြီ။ အဲ့ဒီတော့နိုင်ငံရေးအရ ဥပဒေကြောင်းအရ ညင်ညင်သာသာ ပြောင်းနိုင်မယ့် အခွင့်အရေးမရှိတော့ဘဲနဲ့ သွေးထွက်သံယိုနဲ့ တစ်ပါတီစနစ် ချုပ်ငြိမ်းသွားတဲ့အခြေအနေတွေ ဖြစ်ခဲ့တယ် အဲ့ဒီတော့ ဒါဟာ လာရာပဲ။

 အဲ့ဒီတော့ လားရာကိုပြောလို့ရှိရင် ကျွန်တော်ကိုယ်တိုင်လည်း လက်လုပ်လက်စား ပြည်သူတွေကြားထဲမှာပဲ အမြဲတမ်းနေနေတဲ့အခါကျတော့ အခုဏပြောတဲ့ စီးပွားရေးပဲ ပြည်သူရဲ့ ထမင်းအိုးဟာ သူ့ရဲ့နိုင်ငံရေး ရေချိန်ပဲ။ ကျွန်တော်တို့က ပြည်သူတွေကို ကြွယ်ပိုးကြွယ်ဝကြီး ချမ်းသာဖို့ပြောတာမဟုတ်ဘူး။ အိမ်နီးချင်နိုင်ငံ ဘန်ကောက် မှာ ပြီးခဲ့တဲ့ သုံးလေးနှစ်က ကွေ့သယို တစ်ပွဲကို ဘတ် ၂၀ ဆိုရင် အခုသွားလည်း ဒီလောက် ပဲဆိုတော့ သူတို့နေ့စဉ်ရတဲ့ အနိမ့်ဆုံးရတဲ့ဝင်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှနေတဲ့အခါကျတော့ ဘာမှ သိပ်ပြီး တော့ ကြီးကြီးကျယ်ကျယ် ပေါက်ကွဲစရာမရှိဘူး။ အဲ့ဒီတော့ ကျွန်တော်တို့က နိုင်ငံရေးသမား တော်တော် များများက စီးပွားရေးနဲ့ပတ်သက်ရင် အားနည်းတယ်။ စီးပွားရေးသမားတွေကလည်း နိုင်ငံရေးကို စိတ်မဝင်စား ဘူး။ ဆိုတော့ နိုင်ငံရေးနဲ့ စီးပွားရေးနဲ့ ချိတ်ဆက်ဖို့လိုတယ်။ ဒါအရေးကြီးတယ်ဆိုတာကို ကျွန်တော် တို့မြင် တယ်။ လေးလေးနက်နက်ဆက်တွေးရင် ဘယ်လောက်ထိရောက်သွားလဲဆိုတော့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာရင် ပညာရေးအဆင့်အတန်းမြင့်လာမယ်။ ကျန်းမာရေးအဆင့်အတန်းမြင့်လာမယ်။ လူတွေရဲ့ တွေးခေါ်ပုံ နေထိုင်မှုတွေအကုန်လုံး တဖြည်းဖြည်းနဲ့ မြင့်လာမယ်။ နိုင်ငံကစီးပွားရေးကျလာပြီဆိုရင် တခြား မပြောနဲ့ အားကစားကအစ အနုပညာအဆုံး အကုန်ဘက်အားလုံးမှာကျတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့လိုတယ်။

နောက်တစ်ခုက လူတွေရဲ့စိတ်ထဲမှာလုံခြုံတယ်လို့ခံစားရဖို့လိုတယ်။ အခုက ဘယ်သူ့ဘယ်သူမှ လုံခြုံတယ်လို့ မခံစားရဘူး။ လမ်းသွားရင်းနဲ့လည်း အောက်က ပလက်ဖေါင်းကျွံကျမလား အိမ်နေ့ခင်းကြောင်တောင် အဖေါက် ခံရမလား၊ အန္တရာယ်ပေးသွားလား ။ ကလေးငယ်တွေနဲ့ပတ်သက်လို့ သက်ငယ်မုဒိမ်း ဘာညာဆိုတဲ့ ကိစ္စ တွေဖြစ် ဆိုတော့ အဲ့ဒီလိုဖြစ်နေတဲ့ကိစ္စဟာ ဆင်းရဲနွမ်းပါးခြင်းနဲ့ ဆက်စပ်နေတယ်လို့မြင်တယ်။
ဒီ့ထက်လေးလေးနက်နက် ဆက်တွေးရင် တိုင်းရင်းသားတန်းတူညီမျှရေးရဲ့ အခြေခံဟာ သယံဇာတခွဲဝေမှု ဒါလည်း စီးပွားရေးပဲ ဒီဟာတွေကိုမျှဝေသုံးစွဲတာနဲ့ ပတ်သက်လို့ သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို မြင့်တင်ဖို့ ထိန်းသိမ်းဖို့ သူတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့်ကိစ္စတွေ အဲ့ဒါတွေဟာ စီးပွားရေးကို သေသေ ချာချာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ရင် တချို့တင်းမာမှုတွေဟာ လျော့ကျသွားမယ့် သဘောမျိုးရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က မဖြစ်မနေ ဆွေးနွေးရမယ့်နိုင်ငံရေး အကြောင်းအရာတွေကလည်း ဆွေးနွေး နေရမှာပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ၊ ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့ ဆွေးနွေးတာတွေ ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေး တာတွေ ဒါတွေလည်းဆွေးနွေးနေရမှာပဲ။ သို့သော် တစ်ချိန်တည်းမှာ ပွတ်တိုက်မှု ထိတွေမှုတွေ သိပ်များရင် တည်ငြိမ်မှုတော်တော့်ကို ထိခိုက်သွားတယ်။ ဒီတော့ မရေရာမှုတွေများလာမယ်။ များလာရင် စီးပွားရေးမှာ ထိခိုက်တယ်။ တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတာ ဖြစ်တဲ့အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေဖြစ်ဖို့ ကျွန်တော်တို့ ဆက်တိုက်ကြိုးစားနေရမယ် တစ်ချိန်တည်းမှာလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ကိုလည်း အာရုံစိုက်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။

 မေး - တစ်ပါတီအာဏရှင်စနစ် ပြုတ်ကျဖို့အပါအဝင် ၈၈၈၈ ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ထိ ပြည့်ဝပြီလို့ ပြောနိုင်ပြီလဲ။

ဖြေ- ၈၈၈၈ နဲ့ပတ်သက်ပြီးတော့ ထူးခြားတာက ကျွန်တော်တို့ဟာ ကမ္ဘာ့စီးကြောင်းထဲကို ပြန်ပြီးတော့ ရောက်လာတယ်။ နိုင်ငံတကာစီးကြောင်းဟာ ပါတီစုံဒီမိုကရေစီ၊ စျေးကွက်စီးပွားရေစနစ် ဒါဟာ လားရာကို ပြန်ရောက်လာတာ သို့သော် ဒီစီးကြောင်းကိုသွားနေတဲ့ လားရာကို သွားနေတဲ့လမ်းကြောင်းမှာ အပိတ် အဆို့တွေပေါ့။ အတားအဆီးတွေရှိနေတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီအတားဆီးတွေကို ကျော်လွှားဖို့ လျော့ချဖို့ ရှင်းလင်းဖို့ကျွန်တော်တို့ကြိုးစားဖို့လိုတယ်။ အဲ့ဒီလိုပြောတဲ့အခါ ၈၈၈၈ နဲ့ပတ်သက်လို့ ထပ်ပြီး ပြောရမယ်ဆိုရင် ဒီမိုကရေစီဆိုတာ ၈၈၈၈ မတိုင်ခင်တုန်းက ကျွန်တော်တို့ပြောရကောင်းမှန်းတောင် မသိ သေးဘူး။ အခုတော့ သင်တန်းတွေမှာကော ဆွေးနွေးပွဲတွေမှာကော ဒီမိုကရေစီနဲ့ပတ်သက်လို့ ရွေးကောက် ပွဲနဲ့ပတ်သက်လို့ တော်တော် ပွင့်ပွင့်လင်းလင်းကို ဆွေးနွေးနေကြပြီ။ နောက်တစ်ခုက ဖက်ဒရယ်၊ ဖက်ဒရယ် ဟာ ၈၈၈၈ မတိုင်ခင်မပြောနဲ့ ၂၀၁၀ အထိကို ဒါကိုပြောရင် ဒါဟာ ရာဇဝတ်မှုပဲ။ ဖက်ဒရယ်ဆိုတာ နိုင်ငံကြီးပြိုကွဲတော့မယ် လက်နှစ်လုံးအလိုဆိုတာနဲ့ တည်ဆောက်ထားတာ။ အဲ့ဒီကနေပြီးတော့ ဖက်ဒရယ် ဆိုတာ တရားဝင်အသုံးအနှုန်းဖြစ်လာတယ်။ သို့သော်အနှစ်သာရရှိရှိ လက်တွေ့ဆောင်ရွက်ဖို့ အများကြီး ကျန်သေးတယ်။ အဲ့ဒီတော့ ကျွန်တော်နိုင်ငံရဲ့ လမ်းကြောင်းဟာ ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်း ပေါ်ရောက်လာတယ်။ စျေးကွက်စီးပွားရေးဆိုတဲ့အပေါ်မှာရောက်လာတယ်။ သို့သော် စျေးကွက်စီးပွားရေးဟာ ပုံမကျပန်းမကျနဲ့ ဖြစ်လာတယ်။ တကယ်လွတ်လပ်တဲ့ အားလုံးမျှမျှတတ ယှဉ်ပြိုင်နိုင်တဲ့ စီးပွားရေးမဟုတ်ဘဲနဲ့ အရင်တုန်းကဖြစ်ခဲ့တဲ့ လက်သင့်ရာ စားတော်ခေါ်တဲ့ ပုံစံမျိုးတွေဖြစ်လာတော့ အဲ့ဒီတော့ လားရာကတော့ ကျွန်တော်တို့ ဒီလားရာထဲမှာရောက်နေပြီ၊ သို့သော် အဲ့ဒီလားရာကိုသွားတဲ့ စီးကြောင်းကိုသွားတဲ့နေရာမှာ အဟန့်အတားတွေ အဲ့ဒါတွေကို တစ်ယောက်တည်း ရှင်းလို့တော့မရဘူး။ တစ်ဖွဲ့တည်းရှင်းလို့မရဘူး။ အားလုံး ကိုလွှမ်းခြုံတဲ့ မဟာဗျူဟာပေါ့ စဉ်းစားမှုမျိုးရှိဖို့လိုတယ်။ မဟုတ်ရင် ကျွန်တော်တို့က ရခိုင်အရေးနဲ့ ပတ်သက်တဲ့ သဘောထား၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ သဘောထား ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့သဘောထား စီးပွားရေးနဲ့ ပတ်သက်တဲ့သဘောထား အဲ့ဒီသဘောထားတွေက တစ်ခုနဲ့တစ်ခု ချိတ်ရဲ့လား ဒီဟာတွေ အားလုံး ကို လွှမ်းခြုံနိုင်တဲ့ အဂ္ဂမဟာဗျူဟာ အဲ့ဒါမျိုးကနေပြီးတော့ အကြောင်းအရာတစ်ခုချင်းစီကို ချဉ်းကပ် တဲ့နည်းလမ်းတွေလိုတယ်။ အဲ့ဒီလိုမဟုတ်ရင်တော့ ရခိုင်အရေး၊ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးကသပ်သပ် စီးပွားရေးက သပ်သပ်ဆိုရင် ဦးနင်းပဲ့ထောင်တွေဖြစ်နေမှာပဲ။

မေး - ကျေးဇူးတင်ပါတယ်ခင်ဗျာ့ ၈၈၈၈ နဲ့ပတ်သက်ပြီး ထပ်ဖြည့်ပြောချင်တာရှိရင်ပြောပါခင်ဗျ။

ဖြေ- ၈၈၈၈ နေ့ကို တစ်ပိုင်တနိုင်လုပ်နေတာမျိုးမဟုတ်ဘဲနဲ့ ၈၈၈၈ ဟာ နိုင်ငံတော်အတွက် အင်မတန်မှ ထူးခြားတဲ့ အချိုးအကွေ့ဖြစ်ခဲ့တဲ့အတွက် ဒီနေ့ကို နိုင်ငံတော်ကိုယ်နှိုက်က တကယ့်ကိုလေးလေးနက်နက် အသိအမှတ်ပြုပြီးတော့ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ၈၈၈၈ ပြတိုက်ဆိုလည်း ထိုနည်းလည်းကောင်းပဲ ၈၈၈၈ ပြတိုက်ဆိုတာ ၈၈၈၈ ပြတိုက်ဖြစ်စေချင်တဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စုလုပ်တာမျိုးထက် နိုင်ငံတော် အဆင့်ဖြစ်သင့်တယ်။ ကျွန်တော်တို့မှာ အခုအချိန်အထိ မဖြစ်သေးဘူးဆိုတော့ အဲ့ဒါဟာ ဆန္ဒရှိရင် လုပ်လို့ ရတယ်လို့ ကျွန်တော်တော့မြင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ၈၈၈၈ ငွေရတုအခမ်းအနားကို ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ ကျွန်တော်တို့လုပ်ခဲ့တယ်။ ၈၈၈၈ ငွေရတုအခမ်းအနားကို အစိုးရကော လွှတ်တော်ကော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်သဝဏ်လွှာတွေပို့။ ဒါဟာ နိုင်ငံတော်အဆင့် အသိအမှတ်ပြုအောင် ကျွန်တော်တို့ ပြောခဲ့ပြီးပြီ။ အခု ကိုယ့်အစိုးရနဲ့ကိုယ်ဖြစ်လာတဲ့အချိန်မှာ ၈၈၈၈ အခမ်းအနား ၈၈၈၈ နဲ့ပတ်သက်တဲ့ ပြတိုက်၊ နောက်တစ်ခုက ဥပဒေပိုင်းဆိုင်ရာကိစ္စ ကျွန်တော်တို့က ခေတ်ဆိုးစနစ်ဆိုးကို ဖြတ်သန်းခဲ့ပြီးတော့ ထိခိုက်နစ်နာခဲ့တဲ့သူတွေ ကျွန်တော် ထောင်ထွက်ချည်းပဲ ပြောတာမဟုတ်ဘူး။ ဒီကာလ ဆိုးကြီးထဲမှာ ဘက်အသီးသီးက တိုင်းရင်းသားဒေသတွေမှာဆိုလည်း တိုင်းရင်းသားဒေသတွေမှာ ထိခိုက် နစ်နာခဲ့တာတွေ ဒီလိုမျိုးခံစားခဲ့ရတဲ့သူတွေနဲ့ပတ်သက်လို့ ပြန်လည်ကုစားပေးတဲ့ အစီအစဉ်မျိုးဟာ ကိုယ်ရွေး တဲ့ အစိုးရလက်ထက်မှာ ဖြစ်သင့်တယ်လို့ကျွန်တော်မြင်တယ်။ ဥပမာ ခုရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ ရဲဘော်တွေ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားတယ်။ ကျွန်တော်တို့ဟာ စိတ်မသက်မသာနဲ့ သူတို့ပြီးရင်တော့ ကိုယ့်အလှည့်ပဲလို့ထိုင်ကြည့်နေရတယ် သူတို့ကို ကျွန်တော်တို့ လုံလောက်တဲ့စောင့်ရှောက်မှု ဘာမှ မပေးနိုင်ဘူး။ တချို့လည်း စိတ်ဓာတ်ကျတာပေါ့။ လုပ်တုန်းကတော့ တကယ့်ကို ရွပ်ရွပ်ချွံချွံ သူများမလုပ်ရဲ တာကို လုပ်ခဲ့တာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ တန်ဖိုးမဲ့သလိုခံစားလာရပြီးတော့ လူ့အဖွဲ့အစည်း လူ့အသိုင်း အဝိုင်းထဲမှာ ကိုယ့်ကိုယ်ကို ရှာမတွေ့ဘူးဖြစ်လာတယ်။ တောထဲကော၊ ထောင်ထဲကော တချို့ဆို တော်တော် လေးကို ပေါက်ကွဲနေတဲ့ ရဲဘော်တွေကို ကျွန်တော်တို့ တွေ့နေရတော့ သူတို့ကို ကျွန်တော်တို့နားလည်တယ်။ ဘာ့ကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာ။ အဲ့ဒါက ဒီလူ့အဖွဲ့အစည်းက ဒီလိုမျိုးတွေမှာ အသိအမှတ်ပြုတယ် တန်ဖိုးထားတယ် ဆိုတာမျိုးကို ဖန်တီးမပေးနိုင်တဲ့အတွက်ကြောင့် သူတို့တင်မကဘူး သူတို့မိသားစုပါ ကလေးတွေ

တချို့ကလေးတွေဆို ပညာရေးပျက်စီးတာတွေ မိဘကို အကြောင်းပြုပြီးတော့ရှိတယ်။ ဆိုတော့ ဒါဟာ နိုင်ငံတော်အနေနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတခုအနေနဲ့ ဆောင်ရွက်သင့်တယ်။ ကျွန်တော်တို့ ပြောနေကြတဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အဲ့ဒါမကျော်ပဲနဲ့ အမျိုးသား ပြန်လည် သင့်မြတ် ရေးဆိုတဲ့ကိစ္စကို တော်တော်ခက်လိမ့်မယ်။ ကျွန်တော်ပြောချင်တာ စစ်တပ်ဘက်မှာလည်း စနစ်မှားယွင်းပြီ ဆိုရင် အောက်က ရဲဘော်လေးတွေ ခြေပြတ်လက်ပြတ် အမျိုးသမီးတွေ မုတ်ဆိုးမတွေဖြစ် မိဘမဲ့ဖြစ် ဖခင်မဲ့သွားတဲ့ သားသမီးလေးတွေ တပ်ထဲမှာလည်းအများကြီးရှိတာပဲ။ ကျွန်တော်တို့ ပြောနေတာက ကိုယ့်ဘက်ကိုယ်ချည်းပြောနေတာမဟုတ်ဘူး။ ဒါတွေဟာ အလေးအနက်ထား စဉ်းစားသင့်တယ်လို့ ၈၈၈၈ နေ့ ၃၁ နှစ်ပြည့်မှာ ကျွန်တော်သတင်းစကားပါးလိုပါတယ်။

 

 

Mizzima Weekly