မူပိုင်ခွင့်ချိုးဖောက်မှုများအတွက် ကြားခံဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများလိုအပ်နေဟုဆို

မူပိုင်ခွင့်ချိုးဖောက်မှုများအတွက် ကြားခံဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများလိုအပ်နေဟုဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ ဇူလိုင် ၁၂ ။       ။ မူပိုင်ခွင့်ချိုးဖောက်မှုများအတွက် အရေးယူမှုများကို ကြားခံတာဝန်ယူဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများ လိုအပ်နေကြောင်း စာပေနှင့် အနုပညာရှင်များက ပြောသည်။

မူပိုင်ခွင့် ချိုးဖောက်မှုများ များပြားနေသော်လည်း အသိနည်းနေသေးသည့် မူပိုင်ခွင့်အကြောင်းသိရှိစေရန် စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ ၂ဝ၁၉ ၊ စာပေနှင့်ဂီတဆိုင်ရာ စကားဝိုင်းတစ်ခုကို ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ UMFCCI တွင်ပြုလုပ်ခဲ့ပြီး စာပေအနုပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“မျိုးစုံသုံးစွဲတဲ့ အခါကျတော့ ဒီဟာကို အနုပညာရှင်တစ်ယောက်တည်း ဘယ်လိုမှလိုက်ပြီး မကောက်နိုင်ဘူး။ အဲ့တော့ စာပေအနုပညာရှင်တွေ ကိုယ်စား သူတို့ရဲ့ မူပိုင်ခွင့်တွေကို စီမံခန့်ခွဲပေးဖို့ စုပေါင်းစီမံခန့်ခွဲတဲ့ အဖွဲ့ အစည်း CMO တွေဆိုတာ မဖြစ်မနေလိုအပ်ပါတယ်” ဟု ပါဝင်ဆွေးနွေးသည့် တေးရေးမြင့်မိုးအောင်က ပြောသည်။

ယခုဒီဂျစ်တယ်ခေတ်တွင် အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာများပေါ်၌  စာပေနှင့် အနုပညာမူပိုင်ခွင့် ချိုးဖောက်ခံရမှု အများဆုံးဖြစ်နေပြီး ထိုသို့များစွာသော မူပိုင်ခွင့်ချိုးဖောက်မှုများအပေါ် စာပေအနုပညာရှင်များ ကိုယ်စား တာဝန်ယူဆောင်ရွက်ပေးမည့့် အဖွဲ့အစည်းလိုနေခြင်း ဖြစ်ကြောင်း သိရသည်။

“ဆရာကိုယ်တွေ့ကြုံရတာဆိုရင် ဆရာတောင်မသိလိုက်ဘဲ E-Book လုပ်ပြီး မေတ္တာနဲ့ အွန်လိုင်းမှာ ဖြန့်ဝေနေကြတာ။ မူပိုင်ခွင့် ချိုးဖောက်တာပေါ့။ E-Book လုပ်ပြီး ဖြန့်ဝေတယ်ဆိုတဲ့အခါကျတော့ ဆရာကိုယ်တိုင်တောင် ကြုံရတဲ့ အရေးမှာ၊ ဆရာကိုယ်တိုင် ဥပဒေပညာရှင်ဖြစ်ပေမယ့် အလုပ်ရှုပ်မှာဆိုးလို့ ဥပဒေအရမလုပ်ဖြစ်ဘူးပေါ့။ ဒီလိုအရေးမယူတဲ့အခါ မူပိုင်ခွင့်ချိုးဖောက်မှုတွေက ပိုပိုများလာတယ်။ အဲ့တော့ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ဆရာတို့နိုင်ငံမှာ လိုလာတာက CMO လို့ ခေါ်တဲ့ Collective Management Organization ကြားထဲက ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေ လိုလာပါတယ်” ဟု စာရေးဆရာကြည်ရွှန်းက ပြောသည်။

မူပိုင်ခွင့် ဥပဒေသစ်များကို၂ဝ၁၉ ခုနှစ်၊ မတ်လတွင် ပြဌာန်းခဲ့ပြီး စာပေအနုပညာရှင်များအနေဖြင့် မူပိုင်ခွင့် ချိုးဖောက်ခံရပါက ထိထိရောက်ရောက် အရေးယူနိုင်ရန် မိမိတို့၏ စာပေအနုပညာများကို တရားဝင်၊ အကာ အကွယ်လုပ်ဆောင်ထားသင့်ကြောင်းလည်း ဆွေးနွေးသူများက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required