အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ကို လေးပတ်အတွင်း ကြေညာနိုင်ဟု ထရမ့် ပြော

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်ကို လေးပတ်အတွင်း ကြေညာနိုင်ဟု ထရမ့် ပြော

အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ခု ရရှိဖို့ အင်မတန် နီးစပ်နေပြီ ဖြစ်ပြီး ယင်းကို လာမယ့် သီတင်းပတ် လေးပတ်ခန့်အတွင်း ကြေညာသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သို့ပေမယ့်လည်း ကျန်ရှိနေတဲ့ ကိစ္စတွေကိုသာ ပြေလည်အောင် မရှင်းနိုင်ဘူးဆိုရင် တရုတ်ကို အမေရိကန်နဲ့အကြား ဒီအတိုင်းဆက်ပြီး ကုန်သွယ်ခွင့် ပြုဖို့ကတော့ ခက်ခဲနိုင်ကြောင်း ၎င်းက သတိပေးသွားပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုရဲ့ ခက်ခဲတဲ့ အပိုင်းတစ်ချို့အတွက် သဘောတူညီချက် ရထားပြီ  ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း ဆက်ပြီး ညှိယူရမယ့် သဘောကွဲလွဲမှုတစ်ချို့တော့ ရှိနေဆဲဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောသွားပါတယ်။

“ ခုကတော့ အရမ်းကောင်းပါတယ်၊ အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်၊ နှစ်နိုင်ငံစလုံးအတွက် ကောင်းမယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ဆိုပါတယ်။

ဒါ့အပြင် သဘောတူညီချက်သာရခဲ့မယ်ဆိုရင် ၎င်းအနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း ထိပ်သီးအစည်းအဝေးတစ်ခု လုပ်မယ်လို့ ထရမ့်က ထပ်လောင်းပြောသွားပါတယ်။

ကမ္ဘာ့ အကြီးဆုံး စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အကြား လများစွာကြာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ခဲ့ပြီးနောက် လက်ရှိမှာ ယင်းကုန်သွယ်ရေးစစ်ကို အဆုံးသတ်စေမယ့် သဘောတူညီချက်တစ်ခုရဖို့ နှစ်ဘက်အကြား အသည်းအသန် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေလျက် ရှိတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required