အလီဘာဘာနဲ့ခိုးသားလေးဆယ် ရေတံခွန်ကြီးဆီသို့

အလီဘာဘာနဲ့ခိုးသားလေးဆယ် ရေတံခွန်ကြီးဆီသို့

ကျနော်က ကားထားခ ၅၀၀၀ ကျပ်ကို ကားဆရာရှေ့ကကျော်ပြီး ကားဘေးရပ်နေသူထံ ကမ်းပေးလိုက်ပါတယ်။ ကားပေါ်ကဆင်းတော့ လူတစ်ယောက်က ဖြတ်ပိုင်းစာအုပ်ကလေးကိုင်ပြီး အနားလာရပ်ပြန်ပါတယ်။ လူခ တစ်ယောက် ၅၀၀ ကျပ်ပေးရပါမယ်လို့ ဆိုပြန်ပါတယ်။ ကျနော်တို့က ကားဆရာအပါအဝင် ၄ ယောက်ဆိုတော့ ငွေ ၂၀၀၀ ကျပ်ထပ်ပေးလိုက်ပါတယ်။ ဆရာမ ရှားရိုဖေါက ကားပေါ်က ကမန်းကတန်းဆင်းလာပြီး သူရှင်းပေးမယ်လို့ပြောပေမယ့် ကျနော်က တောင်းပန်ပြီး ကျနော်ပဲပေးလိုက်ပါတယ်။

ကားကို အခြားတန်းစီရပ်ထားတဲ့ကားတွေကြား လွတ်တဲ့နေရာမှာထားခဲ့ပြီး လူတချို့ဟိုဒီသွားနေကြတဲ့ စျေးဆိုင်တန်းတွေဘက် လျှောက်လာကြပါတယ်။ ကျနော်က “ဘယ်မှာလဲရေတံခွန်ဆိုတာက” ဆိုပြီး ပြောပြောဆိုဆို လူတချို့တနေရာကိုလှမ်းကြည့်နေကြတဲ့နေရာဆီ ခတ်ဖြေးဖြေးပဲလျှောက်သွားလိုက်ပါတယ်။ အဲဒီအချိန်အထိ ကျနော့်စိတ်ထဲ ဘန့်ဘွေးကျင်းရေတံခွန်ဆိုတာကို သိတ်ပြီးအထင်မကြီးခဲ့တာ အမှန်ပါပဲ။  ရောက်ဖူးတယ်ရှိအောင်သာ လိုက်လာတဲ့သဘောမို့ ခတ်အေးအေးပါပဲ။ လိုက်ပို့တဲ့သူတွေ စိတ်ကြေနပ်အောင် လိုက်လာတဲ့သဘောမို့ စျေးဆိုင်တန်းတွေမှာ ခဏထိုင်မယ် နားပြီးမှ ရေတံခွန်ကြည့်ရရင် ကောင်းမလားလို့တောင် တွေးလိုက်ပါသေးတယ်။ ဒါပေမယ့် လူတွေရပ်ကြည့်နေတာတွေ့တော့ ရေတံခွန်ရှိရာနဲ့ မဝေးလောက်ဘူးအထင်နဲ့ စျေးဆိုင်မှာမထိုင်တော့ပဲ လူစုစုဖြစ််နေရာဘက် အာရုံပြုလိုက်ပါတယ်။ ကမ်းပါးရှိရာအနား လျှောက်လာလိုက်ပါတယ်။ လူတွေကြည့်နေရာဘက် လိုက်ကြည့်ပါတယ်။ ဘုရား ဘုရား အင်မတန်လှပခမ်းနားပြီး ကျက်သရေရှိလှတဲ့ ရေတံခွန်ကြီးတစ်ခုကို သစ်ပင်တွေကြားကတဆင့် ဘွားကနဲမြင်လိုက်ရပါတော့တယ်။

ချက်ချင်းဆိုသလိုပဲ ပြာယာခတ်မတတ် ကျနော် နေရာရွေးရပါတော့တယ်။ ကင်မရာအိတ်ထဲက ကင်မရာကို ကမန်းကတန်းထုတ်ရပါတယ်။ နေရာအမျိုးမျိုးရွှေ့ပြီး  အသက်ကောင်းကောင်းပင်မရှူနိုင်လောက်အောင် စိတ်လှုပ်ရှားမှုနဲ့ ရေတံခွန်ကြီးကို ဓါတ်ပုံရိုက်ပါတော့တယ်။

ကျနော်တို့ရပ်နေရာ ကမ်းပါးအစွန်းနဲ့ ရေတံခွန်ကြီး ခြောက်ကမ်းပါးထိပ်က ကျလာနေတဲ့နေရာခြားမှာ ခြောက်ကြီးတစ်ခုရှိနေပါတယ်။ ဘာအကာအကွယ်မှမရှိလို့ သစ်ပင်တွေကြား လွတ်တဲ့နေရာရွေးပြီး စိတ်တိုင်းကျ ဓါတ်ပုံရိုက်လို့ရပါတယ်။ အလှမ်းနည်းနည်းဝေးလို့ ရေကျသံမကြားရပေမယ့် ရေတံခွန်ကြီးရေတွေကျနေပုံ၊ ခြောက်ကမ်းပါးကြီးရဲ့အလှ၊ ခြောက်ကမ်းပါးကြီးရဲ့ ဘေးနဲ့နောက်ခံ တောင်တန်းတွေရဲ့ ပန်းချီဆန်လွန်းလှတဲ့မြင်ကွင်းတွေကြောင့် ကျနော့်မှာ ဓါတ်ပုံရိုက်လို့ မတင်းတိမ်နိုင်လောက်အောင် ဖြစ်ရပါတယ်။

ဓါတ်ပုံရိုက်နေရင်းက ဆန်းကြယ်တဲ့အတွေးတစ်ခုက ကျနော့်ခေါင်းထဲရောက်လာပြန်ပါတယ်။ ငယ်စဉ်ကတည်းက တစ်ခါတရံ အိပ်မက်ထဲအထိ ထည့်မက်ခဲ့ဖူးတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ခုထဲက ရေတံခွန်ကြီးတစ်ခုအကြောင်းပါပဲ။ အဲဒီရုပ်ရှင်ဇာတ်ကားက ကမ္ဘာကျော် ပသီပုံပြင်တစ်ပုဒ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ ဇာတ်ကားနာမည်က အလီဘာဘာနဲ့ခိုးသားလေးဆယ် ဆိုတဲ့ ဇာတ်ကားပါ။ အခု ကျနော်မြင်နေရတဲ့ ဘန့်ဘွေးကျင်းရေတံခွန်ကြီးဟာ ကျနော်ငယ်စဉ်ကကြည့်ခဲ့ရဖူးတဲ့ အဲဒီ အလီဘာဘာနဲ့ခိုးသားလေးဆယ် ဇာတ်ကားထဲကရေတံခွန်ကြီးနဲ့ တော်တော်လေးကို တူလွန်းလှပါတယ်။

အိန္ဒိယရုပ်ရှင်ဇာတ်ကား အလီဘာဘာနဲ့ ခိုးသားလေးဆယ် ဇာတ်ကားထဲက ရေတံခွန်ကြီး ဆန်းကြယ်တဲ့ရေတံခွန်ကြီးပါ။ ခိုးသားလေးဆယ်ရဲ့ခေါင်းဆောင် အလီဘာဘာဆိုတဲ့လူက လူစွမ်းကောင်းပါ။ သူက ရေတံခွန်ကြီးတစ်ခုရဲ့ ခါးလည်တနေရာက ကျောက်ဂူကြီးတစ်ခုကို သူနဲ့ သူ့တပည့်ခိုးသားလေးဆယ် ခိုအောင်းနေထိုင်ဖို့နေရာရွေးထားတာပါ။ ဆန်းကျယ်တာက သူက လူစွမ်းကောင်းဆိုတော့ သူတို့တတွေ ဂူကြီးထဲကထွက် အပြင်ဘက်မှာသွားလာချင်ရင် ရေတံခွန်ကြီး ရေမကျအောင် ရပ်သွားအောင်လုပ်ထားတဲ့ စက်ယန္တယားခလုပ်ကို လှည့်လိုက်တဲ့အခါ ရေတံခွန်ကြီးက ရပ်သွားရပါတယ်။ သူတို့အားလုံး အပြင်ဘက်ရောက်ရင်လည်း အဲဒီစက်ယန္တယားကို ပိတ်ထားခဲ့ကြပါတယ်။ အဲဒီနည်းနဲ့ သူနဲ့သူ့တပည့်ခိုးသားလေးဆယ်ဟာ အဲဒီရေတံခွန်ကြီးအောက်က ကျောက်ဂူကြီးထဲ လုံလုံခြုံနေနိုင် ခိုအောင်းနိုင်ကြပါတယ်။ ဘယ်သူမှလည်း အဲဒီနေရာကို လာလို့မရနိုင်တော့ပါဘူး။

ကျနော်က ကလေးပီပီ ငယ်စဉ်ကတည်းက အဲဒီ အလီဘာဘာနဲ့ ခိုးသားလေးဆယ် အိန္ဒိယရုပ်ရှင်ဇာတ်ကားထဲက အဲဒီရေတံခွန်ကြီးကို စွဲလန်းနေခဲ့တာများ တခါတလေ အိပ်မက်ထဲ ထည့်မက်မိတဲ့အထိပါပဲ။ အခုတော့ ကျနော့်အိပ်မက်ထဲက အလီဘာဘာနဲ့ ခိုးသားလေးဆယ် ရေတံခွန်ကြီးကို အပြင်မှာတကယ်တွေ့လိုက်ရသလိုဖြစ်နေတာမို့ အံ့သြလို့မဆုံး ပျော်လို့မဆုံး ဖြစ်နေခဲ့ရပါတယ်။

တကယ်တော့ ဘန့်ဘွေးကျင်းရေတံခွန်ဆီကို ခရီးသည်တွေတကူးတက လာလည်ကြတဲ့အချိန်ဟာ မကြာလှသေးဘူးလို့ဆိုပါတယ်။ ၂ နှစ်လောက်ပဲရှိသေးတယ်လို့ဆိုပါတယ်။ ဖြစ်တော့ဖြစ်နိုင်ပါတယ်။ ကားထားဖို့နေရာတွေ အဆင်သင့်မရှိသေးတဲ့သဘောနဲ့ စျေးဆိုင်လေး သုံးလေးဆိုင်ပဲ ရှိနေသေးတာကိုကြည့်ရင် ခရီးသည်ဖြိုင်ဖြိုင် ပုံမှန်မလာကြသေးဘူးဆိုတာ ခန့်မှန်းလို့ရပါတယ်။

ရေတံခွန်ကြီးကို လှမ်းကြည့်လို့ရတဲ့ခြောက်ကမ်းပါးထိပ်မှာ ၀ါးလုံးတန်းလေးတွေ ခနော်ခနဲ့နဲ့ ကာပေးထထားတာရှိပေမယ့် တကယ်တော့ တော်တော့ကိုအန္တရယ်ရှိလှပါတယ်။ ကလေးကအစ လူတွေအားလုံး အဲဒိီ ၀ါးလုံးတန်းဘေးမှာရပ်ပြီး ရေတံခွန်ကြီးကိုလှမ်းကြည့်ကြရ ဓါတ်ပုံရိုက်ကြရတာပါ။ ပြီးတော့ ရပ်ကြည့်တဲ့နေရာက မြေကြီးကလည်း မညီညာပါဘူး။ ကမူလေးတွေနဲ့ ချိုင့်တွေ မညီမညာဖြစ်နေပါသေးတယ်။ အမှန်ဆိုရင် ရေတံခွန်ကြီးကို လှမ်းကြည့်လို့ရတဲ့ အဲဒီနေရာတဝိုက်မှာ မြေပြင်ညီအောင်လုပ်ပေးထားတာမျိုး၊ ၀ါးလုံးတန်းအစား အခြား ခိုင်မာတောင့်တင်းတဲ့အရံအတားမျိုး လုပ်ပေးထားသင့်တယ်လို့ မြင်မိပါတယ်။ ဒါကလည်း အခုမှ ခရီးသည်တွေ စတင်ရောက်ရှိလာကြတာဖြစ်လို့ လုပ်မပေးရသေးတာလည်း ဖြစ်မယ်ထင်ပါတယ်။ လူတချို့က (ကျနော့်အထင် ရေတံခွန်ကြီးကို ပြုစုစောင့်ရှောက်သူ ဒေသခံအဖွဲ့အစည်းတစ်ခုခုကဖြစ်မယ်ထင်ရပါတယ်။) ရေတံခွန်ကြီးဆီလှမ်းကြည့်လို့ရတဲ့ နေရာမှာ မကြာခဏဆိုသလို လမ်းလျှောက်ပြီး ၀ါးလုံးတန်းတွေကို အားမပြုကြဖို့ ခြောက်ကမ်းပါးအစွန်းအထိ မသွားကြဖို့ လိုက်လံသတိပေးဆော်သြနေတာလည်း တွေ့ရပါတယ်။

ဘန့်ဘွေးကျင်းရေတံခွန်းကြီးက တကယ်တော့ ကနေဒါနိုင်ငံက ကမ္ဘာကျော် နိုင်ကာရာ ရေတံခွန်းကြီးလို အပြန့်လိုက်ကြီး ကျဆင်းတဲ့ရေတံခွန်မဟုတ်ပါဘူး။ တနေရာတည်း တစုတစည်းထဲ တစ်ကြောင်းတည်း ရေတွေစုပြီး ကျဆင်းနေတဲ့ရေတံခွန်ပါ။ ဒီလောက် ရေလုံးအားကောင်းကောင်းနဲ့ တောင်ထိပ်ပေါ်က ကျလာနေတဲ့ရေတံခွန်ဖြစ်ဖို့ ဘယ်နေရာကနေပြီး ရေတွေစုစည်းဖြစ်ပေါ်လာနေတာလည်းဆိုတာကိုလည်း ကျနော် စိတ်ဝင်စားမိပါတယ်။ ပြီးတော့ နွေးရောမိုးရော ရေတံခွန်ကြီးဟာ ရေခမ်းသွားတာမျိုးမရှိဘဲ အခုလိုပဲ ရေလုံးအားကောင်းကောင်းနဲ့ ကျနေတာဖြစ်တယ်လို့သိရတော့ ကျနော့်မှာ ပိုပြီး သဘောကျမိ စိတ်ဝင်စားနေမိတာ အမှန်ပါပဲ။

ကဲ ဒီကနေ့တော့ ဒီနေရာမှာပဲ ခဏရပ်နားလိုက်ရပြန်ပါတယ်။ နောက်နေ့တွေကြမှာ ဘန့်ဘွေးကျင်းရေတံခွန်ကြီးအကြောင်း ဆက်ပြီးပြောပြပါအုန်းမယ်။

လူငယ်များ ခရီးများများထွက်နိုင်ကြပါစေ။ ဒေသန္တရဗဟုသုတနဲ့ ပြည်သူတွေရဲ့ဘဝ လေ့လာစုစောင်းနိုင်ကြပါစေ။

 

Mizzima Weekly