ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံပါတီကို ထောက်ခံသူပေါင်း ၁၁၅၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံရ

ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံပါတီကို ထောက်ခံသူပေါင်း ၁၁၅၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံရ

ဒါကာ၊ ဒီဇင်ဘာ ၂၇ ။        ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ထောက်ခံသူနောက်လိုက်ပေါင်း ၁၁၅၀၀ ကျော်ထက်မနည်း ဖမ်းဆီးခံရကြောင်း အတိုက်အခံ BNP ပါတီနဲ့ ၎င်းရဲ့ မိတ်ဖက် ဂျာမတ်အီအစ္စလာမ်မီပါတီက ပြောပြီး ခု ရွေးကောက်ပွဲ မဲပေးမှုဟာ လွတ်လပ်ပြီး မျှတမှု ရှိလိမ့်မှာ မဟုတ်ဘူးလို့လည်း အတိုက်အခံခေါင်းဆောင်တွေက ပြောပါတယ်။

လူသေဆုံးထိခိုက်မှုတွေ ရှိခဲ့တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေဟာ ကြာသပတေးနေ့မှာ နောက်ဆုံးနေ့ပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ နောက်လိုက်ထောက်ခံသူတွေဟာ လမ်းတွေမှာ စီတန်းလှည့်လည်နေကြပြီး အတိုက်အခံတွေကတော့ မဲပေးပွဲဟာ လွတ်လပ်မှာလည်း မဟုတ်သလို တရားမျှတမှု ရှိမှာလည်း မဟုတ်ဘူးလို့ သည်းသည်းထန်ထန် ပြောဆိုနေကြပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မဲပေးမှု မတိုင်ခင်မှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေ နှစ်ဖက်စလုံးဟာ စကားလုံးစစ်ပွဲ အပြန်အလှန် ခင်းကျင်းလျက် ရှိနေပါတယ်။

အတိုက်အခံတွေက ဗုံးခွဲ တိုက်ခိုက်မှုတွေကို စီစဉ်လုပ်ဆောင်တယ်လို့ ဟာစီနာက စွပ်စွဲနေချိန်မှာ BNP ပါတီက အတိုက်အခံတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်နေတာတွေကို အစိုးရက ကူညီပေးနေကြောင်း ပြောဆိုပါတယ်။

သောကြာနေ့ နံနက် အစောပိုင်းမှာ မဲဆွယ်စည်းရုံးမှုတွေ အဆုံးသတ်ရမှာ ဖြစ်တာကြောင့် အာဏာရ Awami League ပါတီကို ထောက်ခံသူတွေဟာ  ဒါကာနဲ့ အခြားမြို့တွေမှာ အလံတွေဝှေ့ယမ်းကြရင်း စီတန်းလှည့်လည်ကြပါတယ်။

ပါတီခေါင်းဆောင်ဖြစ်သူကိုယ်တိုင် ထောင်တန်းကျနေတဲ့ BNP ပါတီက မဲဆွယ်စည်းရုံးမှု အပြီးသတ် လူထု စုရုံးချီတက်မှုတွေ မလုပ်ဆောင်နိုင်ရန် တားမြစ်တာ ခံရတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်ကနေ စတင်ကျင်းပတဲ့ မဲဆွယ်စည်းရုံးမှုတွေအတွင်း BNP ပါတီက လူ လေးဦးနဲ့ Awami League ပါတီက လူနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required