ဒုက္ခသည်များအတွက် အသင့်နေထိုင်နိုင်သည့် နေအိမ် အလုံး ၅၀ ကို အိန္ဒိယအစိုးရ ပေးအပ်

ဒုက္ခသည်များအတွက် အသင့်နေထိုင်နိုင်သည့် နေအိမ် အလုံး ၅၀ ကို အိန္ဒိယအစိုးရ ပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ ။              ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များ နေထိုင်ရေးအတွက် အိန္ဒိယအစိုးရမှ နေအိမ် အလုံးငါးဆယ်ကို မြန်မာအစိုးရအား ယနေ့ ဒီဇင်ဘာလ ၁၁ ရက်၊ နေပြည်တော်ရှိ သမ္မတအိမ်တော်ဧည့်ခန်းမ တွင် ပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို တို့၏ ဖိတ်ကြားမှုဖြင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိလာသော အိန္ဒိယသမ္မတ ရှရီနမ် နက်သ်ကိုဗင့်နှင့် ဇနီး ရှရီမတီဆာဗီးတာကိုဗင့် တို့က ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ထိုသို့ နိုင်ငံတော်အဆင့် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အိမ်တော်တွင် ကြိုဆိုခြင်းသည် လက်ရှိသမ္မတ လက်ထက်တွင် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။

ထို့နောက် သမ္မတအိမ်တော် ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြပြီး၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အိန္ဒိယသမ္မတ ဦးဆောင်သောအဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံပြီးနောက် အသင့်နေထိုင်နိုင်သည့် နေအိမ်အလုံးငါးဆယ်ကို သမ္မတနှစ်ဦး၏ ရှေ့မှောက်တွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ခေါင်းဆောင်များနှင့် တွေ့ဆုံမှုအတွင်းမှာ ရခိုင်အရေးကိစ္စနှင့်ပတ်သတ်ပြီး ဒုက္ခသည်များ ပြန်လည် လက်ခံရေး ကိစ္စ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသော ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယသမ္မတ ရှရီနမ် နက်သ်ကိုဗင့်၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ နေထိုင်သွားမည် ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးအတွက် မူလက နိုဝင်ဘာလ ၁၅ ရက်မှ စတင်လက်ခံမည် ဖြစ်သော်လည်း ဒီဇင်ဘာလတွင်သာ ပြန်လည်ဝင်ရောက်နိုင်မည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required