အနာဂတ် ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ဘယ်သို့ရှိမလဲ အပိုင်း ( ၁ )

By ကိုမျိုးသန့်(မဇ္စျိမ)
10 December 2018
အနာဂတ် ခေါင်းဆောင်မှုမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ ဘယ်သို့ရှိမလဲ အပိုင်း ( ၁ )

မင်္ဂလာပါ မဇ္စျိမပရိသတ်များခင်ဗျား။   ကျွန်တော် တွေ့ဆုံ၊ ဆွေးနွေးသွားမည့်သူကတော့ ABSDF  ဗဟိုဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ရဲဘော် မိဆူးပွင့် ဖြစ်ပါတယ်။  ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ အမျိုးသမီးများပါဝင်မှု၊ ငြိမ်းချမ်းရေး မရှိတာကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် အမျိုးသမီးတွေ ထိခိုက်ခံစားရမှုအခြေအနေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ဘယ်လိုမျိုးပါဝင်နိုင်မလဲ။ ဒီ movement ကြီးတစ်ခုကို ရွေ့သွားအောင် အမျိုးသမီးတွေအနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ကျွန်တော် ပထမဆုံးမေးချင်တာကတော့၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာပေါ့၊   ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် တိုင်းပြည်တစ်ခုမှာ တိုက်ပွဲတွေဖြစ်နေတယ် မငြိမ်းချမ်းဘူးဆိုလို့ရှိရင် ထိခိုက်ခံစားရတာ အများစုက အမျိုးသမီးတွေလို့ ကျွန်တော်တို့မြင်ပါတယ်။ အဲ့ဒီတော့ ဒီအပေါ်မှာရော ဆရာမအနေနဲ့ ဘယ်လိုမျိုးသဘောထား မှတ်ချက် ပေးနိုင်မလဲ ခင်ဗျား။

ဖြေ။ ။ ဟုတ်ကဲ့။ ယေဘုယျအားဖြင့် ပေါ့နော်၊ ဒါကတော့ ထင်သာမြင်သာရှိတာပေါ့ မြင်လွယ်တာကတော့ ဟုတ်တယ်၊ တိုင်းပြည်တစ်ခုမှာ မငြိမ်းချမ်းဘူး စစ်ပွဲတွေဖြစ်နေတာ ဆိုရင်၊ ထိခိုက်ခံစားမှု အများဆုံးက အမျိုးသမီးတွေဖြစ်မယ်၊ ကလေးတွေဖြစ်မယ်၊ နောက်မိခင်တွေပေါ့။ ဒါတွေကနေပိုပြီးတော့ ဒုက္ခရောက်ကြတယ်။ အခက်အခဲတွေတွေ့ကြတယ်။ အဲ့ဒီအခြေအနေမျိုးရှိ တယ် ဆိုတာကတော့ ဒါတစ်ကမ္ဘာလုံးက သက်သေပြနေပြီးသား ပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်လို့ ပြောရင် ကျွန်မတို့က ဒီစစ်ပွဲတွေကို ရပ်အောင်လုပ်ရတဲ့ ဖြစ်စဉ်လို့ပြောရမယ် အရင်ဆုံး ဒီစစ်ပွဲတွေ ရပ်ပြီးမှ၊ ကျွန်မတို့က ဒီလူ့အဖွဲ့အစည်း ဘယ်လို နာလန်ထူလာအောင် အတူတူလုပ်သွားကြမလဲ ဆိုတဲ့ နိုင်ငံရေးဆုံးဖြတ်ချက် ထွက်လာအောင် လုပ်ရတဲ့သဘောပေါ့နော်။ ဆိုတော့ စစ်ပွဲတွေကို ရပ်အောင်လုပ်တယ် ဆိုတဲ့ နေရာမှာ အစကတည်းက ဒီစစ်ပွဲတွေကို ဖြစ်အောင်လုပ်ခဲ့တဲ့ အထဲမှာ အမျိုးသမီးတွေမပါဘူး၊ မပါတဲ့အခါကျတော့ လက်ရှိပေါ့နော် စစ်ခေါင်းဆောင်တွေပေါ့၊ စစ်ခေါင်းဆောင်လို့ ကျွန်မပြောရင် တပ်မတော်ဘက်က ခေါင်းဆောင်တွေဖြစ်ချင်ဖြစ်မယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ဖြစ်ချင်ဖြစ်မယ်။ သူတို့ရဲ့ အမြင်ကလည်း ဒါကတော့ စစ်ပွဲတွေ ဖြစ်လာတဲ့ အခြေအနေက ဒီအမျိုးသားခေါင်းဆောင်ကြီးတွေဦးဆောင်မှုရဲ့ ပြုမူမှုတွေနဲ့ ဖြစ်လာတဲ့ အပေါ်မှာ စစ်ပွဲတွေရပ်အောင်ပြန်လုပ်ဖို့ကလည်း၊ ဒီခေါင်းဆောင်တွေမှာပဲ တာဝန်ရှိတယ် ဆိုတဲ့ သဘောမျိုးပေါ့။ သူတို့ခံယူထားပြီးတော့ ဒါက စစ်တပ်ချင်း စစ်တပ်ချင်း ဆွေးနွေးရမယ် ဆိုတဲ့ သဘောမျိုး ပေါ့နော်။ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေက ပိုပြီးတော့ အဓိကကျတဲ့ အခရာကျတယ်လို့ ခံယူထားတဲ့ အနေအထားမှာ ရှိတာပေါ့။

မေး။ ။ ဆရာမပြောသွားတဲ့ အထဲမှာ စစ်ပွဲတွေကို ဦးစီးဦးဆောင်တိုက်တာ၊ ခိုက်တာတွေဟာ အမျိုးသားတွေဖြစ်တယ်။ ဒါပေမယ့် ထိခိုက်ခံစားရတာကျတော့ အမျိုးသမီးတွေဖြစ်တယ် ဒါပေမယ့်   ဒီတိုက်ပွဲတွေကို ရပ်ဖို့ရာကျတော့လည်း ဒါ အမျိုးသားတွေမှာပဲ တာဝန်ရှိတယ်လို့ ပြောလို့ရပါတယ်။ ဆိုတော့   အမျိုးသမီးတွေက ထိခိုက်ခံစားရတာတွေရှိနေတဲ့အခါ အမျိုးသမီးတွေကနေပြီးတော့မှ အမျိုးသားတွေကို တိုက်ပွဲတွေမဖြစ်ဖို့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ကို အမျိုးသမီးတို့ရဲ့ ပူးပေါင်းပါဝင်မှု အခန်းးကဏ္ဍက ဘယ်လောက် ဖြစ်နိုင်လဲ။  အဲ့ဒီအပေါ်မှာရော ဘာများထပ်ဖြည့်ပြောလို့ ရနိုင်မလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီနေရာမှာ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေကျတော့ ဒီစစ်ပွဲတွေဖြစ်လာတဲ့ဟာကျတော့ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းတွေရှိတာပေါ့နော်။ ဆိုတော့ အကြောင်းပြချက်တွေရှိတယ်၊ တပ်မတော်ဘက်ကလည်း သူက တိုင်းပြည်မပြိုကွဲအောင် သူက ထိန်းသိမ်းနေရတယ် စောင့်ရှောက်နေရတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖွင့်ဆိုထားသလို၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း သူတို့အမျိုးသားတန်းတူရေးတွေ ဆုံးရူံးသွားတဲ့အတွက် ဒီလိုလက်နက်ကိုင်တိုက်ပွဲတွေ လုပ်တယ် ဆိုတဲ့ အခြေအနေပေါ့။ အဲ့ဒီနေရာမှာ ဘာလဲဆို ပေါ်လစီတွေက အရေးကြီးလာတယ်။ နိုင်ငံရေးက အဖွဲ့တွေက ခံယူချက်တွေ ပေါ်လစီတွေက ဘယ်လိုရှိလဲ၊ ဒီပေါ်လစီတွေကို အားလုံးအတူတူပြန်ပြီး စုဆုံနိုင်တဲ့ အခြေအနေ တစ်ခုကိုုရောက်လာအောင် ဒီလိုပေါ်လစီမူဝါဒတွေနဲ့ ပတ်သက်ပြီးရင် ဘယ်လိုအလျှော့အတင်း လုပ်နိုင်သလဲ ဆိုတဲ့ဖြစ်စဉ်ပေါ့နော် အဲ့ဒီဆွေးနွေးပွဲ အဲ့ဒီနေရာမှာကျတော့ ဒီသက်ဆိုင်ရာ အဖွဲ့အစည်း အသီးးသီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍဆိုတာက အရေးကြီးလာတယ်။ ဆိုတော့ တစ်ဖက်မှာ ဒီလို လက်နက်ကိုင်အဖွဲ့ အစည်းတွေမှာ အမျိုးသမီးတွေကို ခေါင်းဆောင်မှုနေရာကို ရောက်လာအောင် လေ့ကျင့်တွဲခေါ်ပေးလာခဲ့တဲ့ အလေ့အထမျိုးမရှိခဲ့ဘူး၊ မရှိခဲ့တဲ့ အခါကျတော့ အမျိုးသမီးတွေ ပါလာတယ်ဆိုရင်လည်း အောက်ခြေရဲဘော်တွေ၊ တပ်သားတွေ၊ ဆေးမူးတွေ၊ ဆက်သွယ်ရေးမူးတွေ ဒီလောက်ပဲ တာဝန်ပေးထားပြီးတော့ နောက်ကျတော့ အမျိုးသမီးတွေကိုယ်နှိုက်ကလည်း အိမ်ထောင်တွေ ဘာတွေကျသွားတယ်၊ သားသမီးတွေရတယ်ဆိုရင် ဆက်မလုပ်နိုင်ကြတော့ဘူး၊ ဆိုတော့ အဲ့ဒီလိုအနေအထားမျိုးတွေနဲ့ပဲ အမျိုးသမီးတွေက ဘယ်လောက်ပဲ ထက်မြက်ထက်မြက်၊ ဘယ်လိုပဲ နိုင်ငံရေးအရအမြင်ရှိရှိ၊ ဒီလိုသံသရာထဲမှာ အမျိုးသမီးတွေကို ပြန်ပြီးတွန်းပို့လိုက်တဲ့ အခါကျတော့ ဦးဆောင်မှုနေရာတွေမှာ ဗဟိုကော်မတီလို အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်မှု အခြေအနေက တအားနည်းသွားတယ်၊ ဆိုတော့ ကျွန်မတို့ ဒီနေ့ထောက်ပြတာက အဖွဲ့အစည်းတွေရဲ့ မူဝါဒတွေပြန်ကြည့်ပြီးတော့ အမျိုးသမီးတွေကို ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လာအောင် အာမခံချက်ရှိဖို့အတွက် ဘယ်လိုမူဝါဒတွေ ပြောင်းလဲပေးမလဲဆိုတဲ့ဟာတွေပေါ့။ ဥပမာ ဗဟိုကော်မတီအယောက်သုံးဆယ် ရှိတယ်ဆိုရင် အမျိုးသမီး ဘယ်နှစ်ယောက်လောက် ပါရမယ် ဆိုတဲ့ဟာမျိုး၊ မူဝါဒချမှတ်ထားပြီး၊ ဒီမူဝါဒအတိုင်းကို ညီလာခံတိုင်းမှာ ဖြစ်အောင်လုပ်၊ အမျိုးသမီး ကိုယ်စားလှယ်တွေ ပါအောင်ခေါ်၊ အဲ့ဒီလိုမျိုးသာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က လုပ်ခဲ့ရင် အခုအချိန်မှာ အမျိုးသမီးခေါင်းဆောင်တွေ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တွေ့နေရမယ်။ ဒါပေမယ့် အဲ့ဒီလိုမလုပ်ခဲ့တဲ့ အတွက် မတွေ့ရဘူး၊ ဆိုတော့ လက်နက်ကိုင် အချင်းချင်း စကားပြောပြီး ဖြေရှင်းရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ့နော်၊ ဒီဖြစ်စဉ်မှာ အမျိုးသမီးတွေ အခန်းကဏ္ဍ အလိုလိုပဲနောက်မှာ ကျန်ခဲ့တယ်လို့ပဲ မြင်တယ်၊ ဆိုတော့  ကျွန်မတို့ ဒီအချိန်မှာ ဒီမူဝါဒတွေကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ဖို့၊ ဆန်းစစ်ဖို့ပေါ့နော် နောက်ပြီးတော့မှ ဘယ်လိုနည်းလမ်းတွေကိုသုံးရင် အမျိုးသမီးတွေခေါင်းဆောင်မှုလည်းပဲ မြန်မြန်ဆန်ဆန် ရောက်လာမလဲ ဆိုတဲ့ဟာမျိုးတွေကို ကျွန်မတို့က ဝိုင်းပြီးတော့ အဖြေရှာပေးနေတဲ့အချိန်ဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဆရာမပြောသွားတဲ့ အထဲမှာ ဦးဆောင်မှုအခန်းကဏ္ဍပေါ့နော်။ ကျွန်တော်တို့ ဒီလွတ်တော်ထဲမှာ ပြန်ကြည့်မယ် သို့မဟုတ် တိုင်းရင်းသားအရေးပဲပြောပြောနော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာပဲ ပြောပြော၊ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပါလာတာကို သိပ်မတွေ့ရဘူး။ ဥပမာဆိုကြပါစို့ လွတ်တော်ထဲမှာ ဆိုရင် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းပါရမယ်ဆိုတဲ့ဟာမျိုး။ ဒါပေမယ့် လက်တွေ့မှာ မဖြစ်လာသေးဘူးဆိုတော့ ဒါတွေကို လက်တွေ့ဖြစ်လာနိုင်အောင် မူဝါဒတွေပဲဖြစ်ဖြစ်၊ ပေါ်လစီချမှတ်ရာမှာ ဒီအရွေ့ကို ရွေ့လာအောင် ဘယ်လိုမျိုးတွန်းနေသလဲ၊ ဘယ်လိုမျိုးတွန်းလို့ရမလဲ။

ဖြေ။ ။ အဲ့ဒီနေရာမှာကျတော့ ဖြစ်ချင်တဲ့ဆန္ဒက အရေးကြီးသွားပြီ။ ဥပမာ   ပြည်တွင်းမှာ ရှိတဲ့ ပါတီတွေပဲကြည့်မလားပေါ့နော်၊ တိုင်းရင်းသားပါတီတွေမှာ ပါတီတွေက ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ဆိုတာမျိုး စဉ်းစားလာတဲ့ အချိန်မှာတော့ အမျိုးသမီးတွေကိုသုံးမယ်၊ လူငယ်တွေကိုသုံးမယ် ဆိုတာမျိုး နည်းနည်းလေးတော့ စစဉ်းစားလာတာပေါ့နော်။ ဒါပေမယ့် တကယ်တမ်းကျတော့ လေ့ကျင့် ပေးထားတဲ့ အမျိုးသမီးတွေက နည်းနေသေးတယ်၊ ဆိုတော့ အဲ့ဒီလိုစဉ်းစားတဲ့ အခါမှာ ဘာပဲပြောပြော အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေပါလာတာလည်း ကျွန်မတို့ တွေ့နေရတယ်။ ဒါပေမယ့် အမျိုးသမီးတွေက လေ့ကျင့်ထားတဲ့ အမျိုးသမီးက နည်းတဲ့အတွက် ဒီအမျိုးသမီးတွေကို စဉ်ဆက်မပြတ် လေ့ကျင့်ပြီးတော့ ဒီနိုင်ငံရေးကွင်းထဲမှာ ပါအောင်လုပ်ပေးဖို့အတွက် အစုအဖွဲ့တွေလိုတယ်။ ဒါပေမယ့် အဲ့ဒီတာဝန်တွေကို ဒီနေ့အထိ gender  နဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ နောက် အမျိုးသမီးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်းတွေကပဲ လုပ်နေတာ။ နိုင်ငံတော် အနေနဲ့ဖြစ်စေ၊ နိုင်ငံရေး ပါတီအကြီးတွေပဲဖြစ်စေ၊ စနစ်တကျ လုပ်နေတာမျိုး လုံးဝတော့ မတွေ့ရသေးဘူး၊ ဆိုတော့ ကျွန်မတို့က ဒီအဖွဲ့အစည်းတွေ ဒီနိုင်ငံတော် အဆင့်က တကယ်လုပ်ချင်တဲ့ ဆန္ဒပေါ့၊ အမျိုးသမီးတွေအတွက် နိုင်ငံရေး လေ့ကျင့်ပေးနိုင်တဲ့ သင်တန်းကျောင်းလိုမျိုးတွေ၊ နောက် လေ့ကျင့်တဲ့ ကွင်းတွေ၊ သူတို့တွေ ဒီလိုဒီသင်တန်းကျောင်းတွေဆင်းပြီးရင်လည်း သူတို့ ဘယ်လိုနေရာမှာ စပြီး ပါနိုင်မလဲ ဆိုတဲ့ဟာတွေ၊ နောက်တစ်ခုက သူတို့ရဲ့ အစဉ်အဆက်ကတည်းက အမျိုးသမီးတွေ အိမ်မှုကိစ္စတွေပဲ လုပ်ပါ၊ အိမ်မှာနေပါ၊ ကလေးထိန်းပါ ပေါ့နော်။ နိုင်ငံရေးလုပ်ချင်ရင် အိမ်မှုကိစ္စတွေ ပြီးမှလုပ်၊ မင်းအိမ်မှုကိစ္စကို နိုင်တယ်ဆိုရင်တော့လုပ်၊ မနိုင်ရင် မလုပ်နဲ့ ဆိုတော့ အဲ့ဒီလိုမျိုး သူတို့ကို ဝန်ပိစေတဲ့ဟာမျိုးပေါ့ ဆိုတာမျိုးထက် ကျွန်မတို့က သူတို့ကို ဘယ်လိုသဘောထားပေးရမလဲ၊ ဘယ်လိုပံ့ပိုးရမလဲ၊ ဘယ်လိုကူညီရမလဲ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားမှ ကျွန်မတို့က အမျိုးသမီးတွေကို တကယ်ပဲ ဆွဲခေါ်ရာ တွဲခေါ်ရာရောက်ပါတယ်။

မေး။ ။ လတ်တလောမှာရော အဲ့ဒီအခင်းကျင်းတွေကို ဘယ်လောက်ထိ ဘယ်အတိုင်းအတာထိ မြင်နေပြီလဲ၊ ဘယ်လိုမျိုးသွားဖို့၊ ဥပမာ ဆိုကြပါစို့ ဆရာမပြောတဲ့ ပေါ်လစီမူဝါဒကနေ ချမှတ်ဖို့ အကောင်အထည်ဖော်ဖို့ ဆွဲခေါ်သွားဖို့ ဆန်းစစ်ရမယ် အဲ့ဒီအခင်းကျင်းတွေက ဘယ်လောက်ထိ နီးစပ်နေပြီလဲ၊ လတ်တလော အခြေအနေမှာ ကြည့်လို့ရှိရင်ပေါ့။

ဖြေ။ ။ လတ်တလော အခြေအနေမှာကျတော့ ကျွန်မတို့ ရှင်းပြတော့ နယ်စပ်လှုပ်ရှားမှုမှာ တုန်းကပေါ့နော်၊ အဲ့ဒီတုန်းကလည်း နိုင်ငံတကာရဲ့ အခန်းကဏ္ဍက အမျိုးသမီး ပါဝင်ဖို့လို့ ပြောရင် ပိုအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားခရီးစဉ်တွေကို လေ့လာရေးခေါ်တယ်၊ ဆယ်ယောက်ပေါ့နော် နယ်စပ်က၊ ဒါတိုင်းရင်းသားအဖွဲ့အစည်းတွေ ခေါင်းဆောင်တွေပေါ့နော် တစ်ခါ နယ်စပ်မှာ နေသွားတဲ့ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အမတ်တွေ၊ အဲဒီလိုဆိုတော့ နိုင်ငံတကာလေ့လာရေးခေါ်တော့ ဆယ်ယောက်ဆိုရင် အမျိုးသားတွေပဲ လာတယ်ဆိုရင် သူတို့ကို ဖိတ်ကြားတဲ့ နိုင်ငံတွေကလည်း လက်မခံဘူး၊ အမျိုးသမီးတော့ အနည်းဆုံး နှစ်ယောက်ပါရမယ်၊ သုံးယောက်ပါရမယ် ဆိုတာဖြစ်တော့ သူတို့က ကျွန်တော်တို့ အဖွဲ့မှာ အမျိုးသမီးမရှိဘူးပေါ့၊ အဲ့ဒါဆို လက်မခံဘူး ဒီခရီးစဉ်ကို ဖျက်မယ်ဆိုတော့ သူတို့က တစ်ခြား တပ်ပေါင်းစုကြီး တစ်ခုလုံး ထဲက တစ်ခြား ဘယ်အမျိုးသမီးတွေရှိလဲ ဆိုတာမျိုး ဖိတ်ခေါ်လာရတာတွေ ရှိတယ်၊ ဆိုတော့ အဲ့ဒီလိုမျိုး အနေအထား မျိုးတွေနဲ့ နယ်စပ်နိုင်ငံရေး ယဉ်ကျေးမှုမှာ အမျိုးသမီး ပါဝင်မှုက တဖြည်းဖြည်းလေး တက်လာတာပေါ့နော်၊ အများကြီးမဟုတ်ရင်တောင်မှ တဖြည်းဖြည်း တက်လာပြီးတော့ နယ်စပ်မှာ အခြေစိုက်ခဲ့တဲ့ ခေါင်းဆောင်တွေကလည်း အသိလေးတော့ သူတို့ရှိတယ်၊ အတွေ့အကြုံသူတို့မှာ ရှိတာပေါ့နော် ဒါလက်ခံတာ လက်မခံတာက တစ်ပိုင်း။ သူတို့ ကိုယ်တာပေးလိုက်ရလို့ တစ်ချို့ဆို မကျေနပ်ဘူး၊ တစ်ချို့ အမျိုးသားတွေက သူတို့လိုက်ရမယ့် ခရီးစဉ်ကို ဖျက်ပြီးတော့ အမျိုးသမီးတွေကို နေရာပေးလိုက်ရတဲ့အတွက် သူတို့ကိုယ်တိုင်ကလည်း စိတ်ထဲမှာ အဆင်မပြေတာတွေရှိမယ်၊ သို့သော် ဒီအတွေ့အကြုံ သူတို့မှာ ရှိတယ်။ ပြည်တွင်းမှာကျတော့ ဒီလိုအတွေ့အကြုံမျိုး မရှိဘူး၊ နေရာပေးရတယ် အလှည့်ပေးရတယ် ပုံစံမျိုးမရှိဘူး၊ မရှိတဲ့ အခါကျတော့ ဒီအမျိုးသမီးတွေ ပါဝင်မှု အတွက်က ချက်ချင်းပဲ အမျိုးသမီးတွေကို ကဲ လာပါ၊ အမျိုးသမီးတွေ ကလေးရှိရင်လည်း ကလေးထိန်းပေးကြမယ် ကလေးခေါ်လာရင်လည်း ကလေးထိန်းပါခေါ်လာပါ။ ကလေးထိန်းတဲ့နေရာလေးပါ စီစဉ်ပေးမယ်လို့ ပြောရင်တောင်မှ အခုချက်ချင်း နိုင်ငံရေးဆိုတာက အခုချက်ချင်း ဒီတစ်လအတွင်း ဝင်လာ၊ ဒီတစ်လအတွင်း ကိုယ်စားလှယ်ဖြစ်တာ မဟုတ်ဘူး။ သူက နှစ်ပေါင်းများစွာ တည်ဆောက်ထားပြီးမှ ဖြစ်တာ၊ ဆိုတော့ အဲ့ဒီလိုလုပ်ပြန်ရင်လည်း အမျိုးသမီးလူငယ်တွေပါဖို့ဆိုတာက အကန့်အသတ်က ဖြစ်နေဆဲပဲ၊ ဆိုတော့ ဘယ်လိုပဲပြောပြော အကောင်းဆုံးကတော့ ကျွန်မတို့ အကြံပြုထားတာကတော့၊ ဒီသက်ဆိုင်ရာ ကျွန်မတို့ ဆိုဒ်ကပေါ့နော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာဆို ကရင်ရှိမယ်၊ ရှမ်းရှိမယ်၊ ပအိုဝ်ရှိမယ် စသဖြင့်ပေါ့၊ ရခိုင်ရှိမယ် သူတို့ရဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေမှာ လုပ်နေတဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ အမျိုးသမီး လူငယ်တွေရှိတယ်။ ဒီလူငယ်တွေကို ကိုယ့်နိုင်ငံရေးပါတီတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲကို ရောက်လာပြီးတော့ ကိုယ့်မူဝါဒ ပေါ်လစီတွေကို ယုံကြည်လာအောင် စည်းရုံးပြီးတော့မှ  အရည်အချင်းရှိပြီး အတွေ့အကြုံရှိပြီး အမျိုးသမီးလူငယ်တွေကို ကိုယ့်ရဲ့ မူဝါဒတွေကို ယုံကြည်လက်ခံလာအောင် စည်းရုံးပြီးမှ ကိုယ့်ရဲ့ ဗဟိုကော်မတီ အဝန်းအဝိုင်းထဲမှာ နေရာပေးတဲ့ပုံစံမျိုးတွေပေါ့နော်။ ချဲ့ပြီးလုပ်နိုင်ရင်တော့ မြန်မြန်ဆန်ဆန်ရမယ်၊ သို့မဟုတ်ရင်တော့ ကျွန်မတို့က နှစ်နဲ့ချီပြီး နှစ်ပေါင်းများစွာ ပြန်စောင့်နေရမယ့် သဘောမျိုး ဖြစ်နေတယ်။

မေး။ ။ အဲ့ဒီတော့ အစိုးရပိုင်းအနေနဲ့ရော တကယ့်တကယ် အမျိုးသမီးတွေ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ဖို့ ဘယ်လိုလုပ်ပေးရမလဲ၊ တိကျတဲ့မူဝါဒတွေ ဘယ်လိုချမှတ်သင့်ပါသလဲ။

ဖြေ။ ။ အစိုးရကတော့ အခုက ဒီအမျိုးသမီးတွေကို အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ စသဖြင့်ပေါ့နော်၊ ပြင်ဆင်နေတာတွေတော့ ကြားတယ်၊ ဒါကတော့လည်း အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ အားလုံးပေါင်းပြီးတော့ ဝိုင်းလုပ်နေကြတဲ့ လုပ်ငန်းစဉ်လေးတွေပေါ့၊ ဒါတွေကလည်း အရှေ့တော့ သိပ်မရောက်သေးဘူး၊ ဆိုတော့ ခုန ကျွန်မပြောသလိုပဲ ဒီစာသင်ကျောင်းတွေမှာ စပြီးတော့မှ ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် ဒီသင်ရိုးညွန်းတမ်းတွေက အစပေါ့နော်၊ gender နဲ့ ပတ်သက်ပြီး ဘယ်လောက် ကျွန်မတို့ ပြောသလိုပေါ့ ကျွန်မတို့ မူလတုန်းက စာသင်ရသလိုမျိုး အဖေနဲ့အမေကိုတောင်မှ ခွဲခြားပြီးမြင်တယ် ဆိုတာမျိုးလေ အမေကတော့ ကျွေးမွေးသုတ်သင် သက်ဆုံးပင် ။ အဖေကိုကျတော့ ပုံစံတစ်မျိုးပေါ့နော်၊ ဒီလိုမျိုးခွဲခြားပြီးတော့ ပုံစံခွက်ထဲကို ထည့်လာတဲ့အခါမှာ အဖေဆိုတာ ပိုက်ဆံရှာရမယ်၊ အလုပ်လုပ်ရမယ်၊ အမေဆို အိမ်မှုကိစ္စလုပ်ရမယ် ဆိုတဲ့ အစွဲအလမ်းလေးတွေ ပျောက်အောင်ကအစ အခုအချိန်ထိလည်း ကျွန်မတို့ သင်ရိုးညွန်းတမ်းအသစ်ဆိုပေမယ့် အဲ့ဒီအသစ်တွေပြန်ကြည့်ရင်လည်း အဲ့ဒီသင်ရိုးညွန်းတမ်းတွေရှိသေးတယ်။ နောက် ကျန်တဲ့ကိစ္စ တိုင်းရင်းသားကိစ္စ၊ ဥပမာ မွန်လူမျိုးတွေနဲ့ပတ်သက်ရင် မွန်ဘုရင်မကြီး ရှင်စောပုပေါ့နော်၊ မြန်မာဘုရင်မကြီးတစ်ဦးရှိတယ် ဆိုတော့ မွန်လူမျိုးဆိုတဲ့အပေါ်မှာ အသိအမှတ်ပြုမခံရသလိုဖြစ်သွားတာကိုက identity  ပျောက်တယ်၊ ပြင်မယ်ဆိုရင် ဒီလိုအခြေခံကနေ စသွားပြီး ပြင်မှရမယ်။ နောက်တစ်ခုက အစိုးရကိုယ်တိုင်ကလည်း အမျိုးသမီးတွေ ပိုပါဝင်လာခြင်းဟာ လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေက အစိုးရအဖွဲ့မှာ ဖြစ်စေ၊ လွတ်တော်တွေထဲမှာ ဖြစ်စေ၊ ပိုမိုပါဝင်လာခြင်းဟာ မတူကွဲပြားတဲ့ အမြင်တွေကို ပိုစုနိုင်ပြီးတော့မှ ပိုပြီးငြိမ်းချမ်းတဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်မယ်လို့ ဆိုတဲ့ အမြင်မျိုး ယုံကြည်မှုမျိုး တကယ်ရှိလာအောင်လုပ်ဖို့လည်း ကျွန်မတို့ လိုပါသေးတယ်။    ။

 

Mizzima Weekly