ဝန်ကြီးချုပ်ကို ပါလီမန်က ကန့်ကွက်မဲဖြင့် ဖြုတ်ချလိုက်၍ သီရိလင်္ကာ နိုင်ငံရေးအကျပ်အတည်း ပိုနက်ရှိုင်းလာ

ဝန်ကြီးချုပ်ကို ပါလီမန်က ကန့်ကွက်မဲဖြင့် ဖြုတ်ချလိုက်၍ သီရိလင်္ကာ နိုင်ငံရေးအကျပ်အတည်း ပိုနက်ရှိုင်းလာ

နိုဝင်ဘာ ၁၄ ။             ။ သီရိလင်္ကာနိုင်ငံမှာ ခါးခါးသီးသီး အငြင်းပွားကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သဘောထားတင်းမာသူ မဟင်ဒါ ရာဂျာပက်ခ်ဆာ ဦးဆောင်တဲ့ အစိုးရကို ယနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ပါလီမန်က ကန့်ကွက်မဲနဲ့ ဖြုတ်ချလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ အငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ်တစ်ဦးကို ဖယ်ရှားလိုက်ခြင်း ဖြစ်သလို တစ်ချိန်တည်းမှာလည်းပဲ နိုင်ငံရဲ့ ဦးဆောင်သူအစိုးရနေရာကိုလည်း လစ်လပ်သွားစေခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က သမ္မတ မိုက်သရီ ပါလာ သီရိသေနက ဝန်ကြီးချုပ်ဟောင်း ရာနေးလ် ဝစ်ခရီမေဆင်ဟီကို ထုတ်ပယ်ပြီး သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ မဟင်ဒါ ရာဂျာပက်ခ်ဆာကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်းကတည်းက အကျပ်အတည်းတစ်ခုအောက် ကျရောက်နေခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲတစ်ရပ် ကျင်းပရေး စီစဉ်ဖို့ သမ္မတရဲ့ ညွှန်ကြားအမိန့်ကိုလည်း နိုဝင်ဘာ ၁၃ ရက်မှာတော့ တရားလွှတ်တော်ချုပ်က ကျော်လွန်ပယ်ချထားခဲ့ပါတယ်။

နိုဝင်ဘာ ၁၄ ရက် ပါလီမန်အစည်းအဝေးမှာတော့ အမတ် ၂၂၅ ဦး အနက် အများစုက ဝန်ကြီးချုပ်သစ် ရာဂျာပက်ခ်ဆာ ကို အယုံအကြည်မရှိ အဆိုတင်ပြီး မဲခွဲအတည်ပြုခဲ့ကြတာဖြစ်ပါတယ်။

အလားတူ အာဏာအပြောင်းအလဲ လုပ်ဖို့ သမ္မတ မိုက်သရီပါလာ သီရိသေန ရဲ့ နိုဝင်ဘာ ၉ ရက် ကြေညာချက်ကိုလည်း တရားမဝင်ကြောင်း ပါလီမန်က ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့်လက်ရှိ ပါလီမန်ကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေအရလည်း ထုတ်ပယ်ခံ ဝန်ကြီးချုပ်ဟောင်း ဝစ်ခရီမေဆင်ဟီဟာ ဖွဲ့စည်းပုံ တိုက်ပွဲမှာ အလိုအလျောက် အနိုင်ရသွားခဲ့ပြီ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဝစ်ခရီ မေဆင်ဟီကတော့ လက်ရှိအချိန်ထိ ၎င်းကို သမ္မတက ရာထူးထုတ်ပယ်ထားခဲ့မှုကို လက်မခံဘဲ ဝန်ကြီးချုပ် အိမ်တော်ကနေ ဆင်းပေးဖို့ ငြင်းဆန်ထားသူလည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ အကျပ်အတည်း ဆက်ဖြစ်နေသမျှကာလပတ်လုံးတော့ နိုင်ငံမှာ တစ်နေ့ချင်းစီအလိုက် အုပ်ချုပ်မှု ယန္တရားကတော့ ကသောင်းကနင်းဖြစ်နေဦးမှာဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required