တူရကီတွင် ရထားလမ်းချော်၍ ခရီးသည် ၂၄ ဦးထက်မနည်း သေဆုံး

တူရကီတွင် ရထားလမ်းချော်၍ ခရီးသည် ၂၄ ဦးထက်မနည်း သေဆုံး

ဇူလိုင် ၉ ။            ။ တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဇူလိုင် ၈ ရက်က ခရီးသည်တင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်သွားခဲ့လို့ လူ ၂၄ ဦး သေဆုံးပြီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးသည်းထန်ပြီး မြေတိုက်စားမှုကြောင့် ယခုလို ရထားလမ်းချော်တိမ်းမှောက်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ မီးရထားကတော့ ခရီးသည်အယောက် ၃၆၀ ကျော်ကို တင်ဆောင်လာခဲ့ပြီး Edirne ဒေသကနေ အစ္စတန်ဘူလ် Halkali ဘူတာဆီသို့ ဦးတည်ခုတ်မောင်းလာခဲ့စဉ် Tekirdag ဒေသအရောက်မှာ ရထားတွဲဆိုင်း ခြောက်ဆိုင်း လမ်းချော်တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ပါတယ်။

ယင်း ဖြစ်စဉ်မှာ လူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ တူရကီ ဒုဝန်ကြီးချုပ် Recep Akdag က ပြောပါတယ်။

ယခုအခါ လမ်းချော်သွားတဲ့ တွဲဆိုင်းတွေကနေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာလည်း ယနေ့ မနက်ပိုင်းမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ပြောပါတယ်။

အဆိုပါ ရထားလမ်းချော်မှု ဖြစ်ပြီးနောက် လူပေါင်း ၃၃၈ ဦး ဆေးရုံတက်ကုသမှု ခံယူခဲ့ရသလို ယခုအချိန်ထိလည်း လူ ၁၂၄ ဦး ဆေးရုံကနေ မဆင်းရသေးဘဲ ဆက်လက်ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး Ahmet Demircan ရဲ့ ပြောကြားမှုကို ကိုးကားပြီး တူရကီမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required