ရေနံစည် တစ်နေ့ တစ်သန်းအထိ တိုးမြှင့်ထုတ်လုပ်မည့် အိုပက်အစီအစဉ်ကို ရုရှ ထောက်ခံ

ရေနံစည် တစ်နေ့ တစ်သန်းအထိ တိုးမြှင့်ထုတ်လုပ်မည့် အိုပက်အစီအစဉ်ကို ရုရှ ထောက်ခံ

မော်စကို၊ ဇွန် ၂၄ ။           ။ လာမည့်လမှစပြီး တစ်နေ့လျှင် ရေနံစည် တစ်သန်းအထိ တိုးမြင့်ထုတ်လုပ်မည့် ရေနံထုတ်လုပ်သည့်နိုင်ငံများ အဖွဲ့ အိုပက်နှင့် အခြားရေနံကြွယ်ဝသော နိုင်ငံ ကိုးနိုင်ငံ၏ အစီအစဉ်ကို ရုရှနိုင်ငံအနေဖြင့် ထောက်ခံသွားမည်ဖြစ်ကြောင်း ဇွန် ၂၃ ရက်က အတည်ပြု ပြောကြားသည်။

“တစ်နေ့ကို စည်တစ်သန်း တိုးထုတ်လုပ်မယ်ဆိုတာ လက်ရှိ ရေနံစျေးကွက်အတွက် သင့်တော်တဲ့ ခြေလှမ်းပါပဲ။”ဟု ရုရှ စွမ်းအင်ဝန်ကြီး အလက်ဇန္ဒြားနိုဗက်က ပြောသည်။

“ဒီ ဆုံးဖြတ်ချက်အစီအစဉ်ဟာ ရေနံစျေးကွက်မှာ မျှခြေညီအောင် ထိန်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။”ဟု ဗီယင်နာတွင် ကျင်းပသော လေးကြိမ်မြောက် အိုပက်အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ ဝန်ကြီးများ အစည်းအဝေးအတွင်း နိုဗက်က ပြောခဲ့သည်။

အဆိုပါ အစည်းအဝေးကို အိုပက်အဖွဲ့ဝင် ၁၄ နို်င်ငံနှင့် ရေနံကြွယ်ဝသော အခြား ဆယ်နိုင်ငံတို့က ကြီးမှူးကျင်းပခြင်း ဖြစ်သည်။

အိုပက်+ ဟု အမည်ပေးထားသော ယင်းအစည်းအဝေးကျင်းပသည့် ဖွဲ့စည်းအုပ်စုကို ထုတ်လုပ်မှု လျှော့ချရေးနှင့် ရေနံစျေး တက်စေရေးတို့အတွက် ၂၀၁၆ ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အိုပက်+ အုပ်စုသည် ကမ္ဘာ့ရေနံ ထုတ်လုပ်မှု၏ နှစ်ရာခိုင်နှုန်းကို ကိုယ်စားပြုသော တစ်နေ့ စည်ပေါင်း ၁ ဒဿမ ၈ အထိ လျှော့ချထုတ်လုပ်ရေးကို ၂၀၁၇ ဇန်နဝါရီ ၁ ရက်မှစကာ သဘောတူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လျှော့ချထုတ်လုပ်မှု သဘောတူညီချက်သည် ၂၀၁၈ အထိ အသက်ဝင်မည်ဟု ဇွန် ၂၂ ရက် အစည်းအဝေးတွင် အိုပက်အုပ်စုက အတည်ပြုသည်။

သို့သော် ရေနံထုတ်လုပ်ရေး လျှော့ချသည့် သဘောတူညီချက်သည် ခန့်မှန်းထားသည်ထက် တစ်သန်းပိုကာ နေ့စဉ် ၂ ဒဿမ ၈ သန်းအထိ အထွက် လျော့ကျခြင်းကြောင့် ကွာဟမှုကို ဖာထေးရန်အတွက် ယခုကဲ့သို့ တစ်သန်း တိုးထုတ်ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required