အိမ်တွင်းအကြမ်းဖက်ခံ၊ ဂိုဏ်းဖွဲ့ အကြမ်းဖက်ခံရသူများအား အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် ပေးမည် မဟုတ်

အိမ်တွင်းအကြမ်းဖက်ခံ၊ ဂိုဏ်းဖွဲ့ အကြမ်းဖက်ခံရသူများအား အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့် ပေးမည် မဟုတ်

 

၀ါရှင်တန်၊ ဇွန် ၁၆ ။         ။ ဗဟိုအမေရိကမှ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သော မိသားစုများ စီးဝင်နေခြင်းအား ရပ်တန့်အောင် အားထုတ်မှုအဖြစ် အမေရိကန်နိုင်ငံသည် အိမ်တွင်း အကြမ်းဖက်ခံများ၊ ဂိုဏ်းဖွဲ့အကြမ်းဖက်ခံရသူများက နိုင်ငံရေးခိုလှုံခွင့် တောင်းခံလာခြင်းအား ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပြောသည်။

အယ်ဆာဗာဒိုမှ လင်ယောက်ကျားဖြစ်သူ၏ နှစ်များစွာ သားမယားပြုကျင့်ခံ၊ အရိုက်အနှက်ခံခဲ့ရသည့် အမည်မဖော် အမျိုးသမီးတစ်ဦး၏ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်း အမှုကိစ္စနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ဆုံးဖြတ်ချက် ချဖြစ်လာခဲ့ခြင်းပဲ ဖြစ်သည်။

“နိုင်ငံခြားတိုင်းပြည်တစ်ရပ်မှာ ပြည်သူ အမျိုးသမီးတစ်ယောက်ယောက်ဟာ သူ့ရဲ့ လူမှုရေး၊ စီးပွားရေး၊ မိသားစု ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကြောင့် ခြိမ်းခြောက်ခံရတာ၊ အကြမ်းဖက်ခံရတာတွေ ရှိပါမယ်။ ဒါပေမယ့် ဒီလို ကံဆိုးမှုအားလုံးအတွက်ကြောင့်တော့ နိုင်ငံရေးခိုလှုံခွင့် ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”ဟု ဂျက်ဖ်ဆက်ရှင်က ပြောသည်။

လွန်ကဲစွာကြီးထွားသော ဂိုဏ်းဖွဲ့အကြမ်းဖက်မှုကြောင့် မဟုတ်ပါက ယခင်က နှိပ်စက်ညင်းပန်းခံ အိမ်ထောင်သည် အမျိုးသမီးများအား နိုင်ငံရေးခိုလှုံခွင့် ဆုံးဖြတ်ချက်ပြုထားခြင်းကို ပယ်ဖျက်ရရမည်ဖြစ်ကြောင်းလည်း ဆက်ရှင်က ပြောသည်။

“နိုင်ငံတစ်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေလို ရာဇဝတ်မှု ပြဿနာမျိုးတွေဟာ ရှိနေမှာပါပဲ။ ဒီလို အကြမ်းဖက်ခံတွေဟာလည်း ပမာဏတစ်ရပ်အနေနဲ့ ရှိနေတယ်။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးနဲ့တော့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံနိုင်ဖို့ မဖြစ်နိုင်ပါဘူး။”ဟု ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required