စီမံဘဏ္ဍာဝန်ကြီးကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးနေ

စီမံဘဏ္ဍာဝန်ကြီးကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးနေ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်၊ မေလ ၂၃ ရက် ။                      ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခံထားရပြီး တိုင်ကြားစာနှင့်ပတ်သက်ပြီး အမြန်ဆုံး စစ်ဆေးဆောင်ရွက်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

မေလ ၃ ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားစာ ပေးပို့ထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အခု တကယ့်တကယ် အဲ့ဒီကိစ္စဆိုလို့ရှိရင် ပြီးသလောက်ဖြစ်နေပါပြီ။ ဒါအမြန်ဆုံး ကျွန်တော် တို့ လုပ်တာ။ ကျွန်တေ်ာတို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက ၃ ရက်နေ့မှာ ရောက်တယ်။ ကျွန်တော်တို့ (၇) ရက်နေ့မှာ အဖွဲ့ဖွဲ့တယ်။ပြီးတာနဲ့ ကျွန်တေ်ာတို့ အမြန်ဆုံးစစ်တယ်။ ခုနကပြောသလို Evidence(သက်သေခံ) ယူရတာတွေရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်းတွေ ကြည့်ရ တာတွေ ရှိတယ်။ အဲ့ဒါပြီးသွားတဲ့အချိန်မှာ ကျွန်တေ်ာတို့ အခုချိန်မှာ ပြီးသလောက်ဖြစ်နေပြီ” ဟု ဦးအောင်ကြည်က ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောသည်။

စီမံဘဏ္ဍာဝန်ကြီးအား တိုင်ကြားခံထားရမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်နေပြီးနောက် ယင်းသို့ တိုင်ကြားခံရခြင်း ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် ကော်မရှင်မှ အတည်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ စစ်ဆေးနေမှု အခြေအနေအား ယခုကဲ့သို့ အမှုများကို လူသားတစ်ဦး၏ ဂုဏ်သိက္ခာအား ထောက်ထားသည့်အတွက် ဥပဒေအရ ပြောခွင့်မရှိကြောင်း နှင့် အကယ်၍ အဆိုပါကဲ့သို့သော တိုင်ကြားချက် များသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည်ဟု ကော်မရှင်က စစ်ဆေးဆုံးဖြတ်ပြီး ရဲစခန်းတွင် အမှုစတင်ဖွင့်မှသာ စစ်ဆေးချက်များကို ပြောကြားနိုင်သည်ဟု ဦးအောင်ကြည်က  ပြောသည်။

“ ရဲစခန်းရောက်ပြီဆိုတာတဲ့ ဖြစ်နိုင်သမျှ အပြည့်စုံဆုံး ထုတ်ပြန်ပေးပါတယ်။ ရဲစခန်းရောက်ပြီးပြီဆိုတဲ့ သဘောကတော့ သူကို တရားရုံးမှာ တရားစွဲဆိုတော့မယ်လို့ကျွန်တေ်ာတို့ဆုံးဖြတ်ပြီးတဲ့ အခြေအနေပေါ့။ ဒီဥစ္စာက ဘာလဲဆိုတော့ တရားမျှတမှုရဲ့ရှေ့မှောက်ကို သူ့ကို ကျွန်တေ်ာတို့ပို့ဆောင်ပေးတော့မယ်ဆိုတဲ့ သဘောပါပဲ။ အဲ့ဒါကြောင့် အဲ့အချိန်ကြမှ ထုတ်ပြန်ကြေညာတာလုပ်ပါတယ်။ အခုချိန်က အတော်ကြီးကို နည်းနေပါသေးတယ်။ တကယ်ဆိုရင် ကျွန်တေ်တို့က ဒီလိုကိစ္စတွေဟာ အမှုတည်ဆောက်ရတဲ့ လုပ်ငန်းစဉ်က အများကြီးပါ” ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏လက်အောက်တွင် တိုင်ကြားစာစိစစ်ရေးကော်မတီကို ဥပဒေ ပညာရှင် ၄ ဦး၊ စာရင်းစစ်ဆေးရေးပညာရှင် ၂ ဦး၊ စီးပွားရေးမှုခင်းပညာရှင် ၁ ဦး စုစုပေါင်း ရ ဦးဖြင့် ဖွဲ့စည်း ထားပြီး ထိုစိစစ်ရေးကော်မတီမှ စစ်ဆေးချက်များကို ၁၂ ဦး ပါ၀င်သော ကော်မရှင်အစည်းအဝေးတွင် ပြန်လည် သုံးသပ်လုပ်ဆောင်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကော်မရှင်အနေနဲ့ အတတ်နိုင်ဆုံး တရားမျှတမှုဖြစ်တဲ့ ဆုံးဖြတ်ချက်မျိုးပဲ ချချင်တယ်။ မမျှတတဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်တော့မှ မချဘူး။ ကျွန်တော်တို့ လုပ်ငန်းတွေ ဆုံးဖြတ်ချက်တွေ အားလုံးက တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝနဲ့ ကျွန်တော်တို့ လုပ်သွားမှာဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က အရေးယူမှုအပိုင်းနှင့် ပတ်သက်ပြီး ပြောသည်။

စီမံဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် ရင်း လက်ရှိ စီမံဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

“ကျွန်တော်တို့ဘက်ကတော့ အတည်မပြုပေးနိုင်ပါဘူးခင်ဗျ။ ဒါက အုပ်ချုပ်ရေးပိုင်းက လုပ်တာဆိုတော့ သူတို့ ကြေညာချက် ထွက်လာမှပဲ ကျွန်တော်တို့သိမှာပါ။ ကျွန်တော်တို့ မသိပါဘူး။ ပါတီအနေနဲ့ လုပ်ဆောင်ထားခြင်း မရှိပါဘူး” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဆိုသည်။

အဆိုပါ စီမံဘဏ္ဍာရေးဝန်ကြီး တိုင်ကြားခံရမှုအား နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တေ်ာ ဥက္ကဋ္ဌ ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ထံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အစီရင်ခံစာ အမြန်ဆုံး ပေးပို့သွားမည် ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required