မြောက်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံ သမိုင်းတင် ထိပ်သီးအစည်းအဝေး စတင်

မြောက်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံ သမိုင်းတင် ထိပ်သီးအစည်းအဝေး စတင်

ပြံုယမ်း၊ ဧပြီ ၂၇ ။            ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် ဧပြီ ၂၇ ရက်တွင် သမိုင်းတင် ထိပ်သီးဆွေးနွေးမှုကို စတင်သည်။

နှစ်နိုင်ငံကြား ခွဲခြားထားသော စစ်မဲ့ဇုန်တွင် နှစ်ဦးအတူ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် သမိုင်းတွင်မည့် ထိပ်သီးအစည်းအဝေးကို စတင်ခြင်းဖြစ်သည်။

"ခင်ဗျားနဲ့ တွေ့ရတာ ကျွန်တော် ဝမ်းသာတယ်။"ဟု မွန်ဂျေအင်းက ကိုရီးယားစစ်ပွဲအပြီး နှစ်ပေါင်း ၆၅ နှစ်အတွင်း တောင်ကိုရီးယားမြေပေါ် ပထမဆုံးခြေချသည့် မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သူ ကင်ဂျုံးအွန်ကို ပြောသည်။

ကင်ဂျုံးအွန်၏ ဖိတ်ကြားမှုဖြင့် ခေါင်းဆောင်နှစ်ဦးသည် မြောက်ကိုရီးယားဖက်ခြမ်းတွင် စတင်တွေ့ဆုံ လက်ဆွဲနှုတ်ဆက်ကြပြီးနောက် တောင်ကိုရီးယားဖက်ခြမ်းတွင် ရှိသော ငြိမ်းချမ်းရေးအိမ်တော်သို့ သွားရောက်ကြကာ ဆွေးနွေးပွဲကို စတင်ခြင်း ဖြစ်သည်။

"ကျွန်တော်ဟာ သမိုင်းတစ်ခေတ်အပြောင်းအလဲအတွက် ဒီနေရာကို ရောက်လာတာပါပဲ။"ဟု ကင်ဂျုံးအွန်ကလည်း မွန်ဂျေအင်းကို ပြောခဲ့သည်။

ဒုံးကျည်ပစ်လွှတ်မှုများနှင့် နျူကလီးယားစမ်သပ်မှုများ ရပ်ဆိုင်းမည်ဟု ပြောထားသော ကင်ဂျုံးအွန်အနေဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်လည်း ဇွန်လအစောပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required