ငြိမ်းချမ်းရေးကော်မရှင်နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ဆွေးနွေးပွဲ စတင်

ငြိမ်းချမ်းရေးကော်မရှင်နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ ဆွေးနွေးပွဲ စတင်

လွိုင်ကော်၊ ဧပြီ ၂၆ ။            ။ ငြိမ်းချမ်းရေးကော်မရှင်နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင်  ဧပြီလ ၂၆ ရက်၊နံနက် ၁၀ နာရီက တရားဝင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုများကို ဧပြီလ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည်လည်းဖြစ်သည်။

ပထမနေ့တွင် ဒေသတွင်းစောင့်ကြည့်ရေးကိစ္စရပ်များနှင့်နှစ်ဘက်သဘောတူညီထားပြီးဖြစ်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးဖြစ်သေးကြောင်း KNPP မှငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ၊ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်မှ ဦးလှမောင်ရွှေက"ကျွန်တော်တို့ကတော့ ညှိုနှိုင်းစရာတွေရှိတာညှိုနှိုင်းပြီးတော့ NCAလက်မှတ် မြန်မြန်ရေးထိုးဖို့ ကျွန်တော်တို့ဘက်က မျှော်လင့်တယ်။"ဟုပြောသည်။

ဆွေးနွေးပွဲသို့လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် NCA လက်မှတ်ထိုးပြီးဖြစ်သော ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်မှ ခွန်မြင့်ထွန်းက "ဒီ တရားဝင််ဆွေးပွဲကနေ   နှစ်ဦးနှစ်ဖက် ဖြစ်ချင်တာတွေ ဆွေးနွေးပြီး ရှေ့ဆက်သွားနိုင်မယ့် အလားအလာတွေကို မျှော်လင့်ပါတယ်။"ဟု ပြောသည်။

ဒေသတွင်းစောင့်ကြည့်ရေးကိစ္စများ ဆွေးနွေးပြီးဖြစ်၍ ဒုတိယနေ့တွင် ကျန်ရှိသည့် လူမှုရေး ကူညီထောက်ပံ့မှု ကိစ္စများ၊ ပြည်နယ်အတွင်း INGO နှင့် NGOများလုပ်ငန်း ဆောင်ရွက်မှုကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှုကိစ္စများကို ဆွေးနွေးသွားကြမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ NCA လက်မှတ် ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းမှာရှိသည့် ဒေသခံ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required