ပြည်ထောင်စုဝန်ကြီး နှင့် ၀န်ကြီးချုပ်အချို့ အပြောင်းအလဲလုပ်မည့် သတင်းမှာ နားလည်မှုလွဲမှားခြင်းဟု ဒေါက်တာ မျိုးညွန့် ဆို

ပြည်ထောင်စုဝန်ကြီး နှင့် ၀န်ကြီးချုပ်အချို့ အပြောင်းအလဲလုပ်မည့် သတင်းမှာ နားလည်မှုလွဲမှားခြင်းဟု ဒေါက်တာ မျိုးညွန့် ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဧပြီ ၂၆ ။        ။ ပြည်ထောင်စုဝန်ကြီးတစ်ချို့နှင့် ပြည်နယ်ဝန်ကြီးချုပ်တစ်ချို့ကို အပြောင်းအလဲလုပ်ရန် ပါတီခေါင်းဆောင်များအား တင်ပြထားသည်ဟု ဆိုသည့်သတင်းမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်သည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မဇ္စျိမသို့ ဧပြီလ ၂၆ ရက် မနက်ပိုင်းတွင် အတည်ပြုပြောဆိုသည်။

"အဲ့ဒါတွေက သတင်းအမှားဗျ၊ ပြည်ထောင်စုအဆင့်တွေနဲ့ပတ်သက်ပြီး တင်ပြထားတာရှိတယ်။ အဲ့တော့ ပြည်ထောင်စု အဆင့်ကိုပြည်ထောင်စုဝန်ကြီးလို့ ထင်သွားကြတာ။ ပြည်ထောင်စုအဆင့်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောတာပါ။ ကျွန်တော်တို့ပါတီဘက်က အရေးယူပြီးတော့ လွှတ်တော်ဘက်ကိုအသိပေးတာပါ။ အပြစ်ရှိတယ်ထင်ရင် သူဘာသာသူ ထပ်ပြီး အပြစ်ပေးပေါ့၊ အဲလိုမျိုးပါ" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် NLD CEC အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို အရေးယူပေးရန် ပါတီခေါင်းဆောင်များထံ တင်ပြခဲ့ခြင်းကို နားလည်မှုလွဲမှားခြင်းသာဖြစ်သည်ဟု ၄င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရအဖွဲ့ နှစ်နှစ်တာသက်တမ်းကာလအတွင်း အမြင့်မားဆုံး ရာထူးတာဝန် အပြောင်းအလဲအဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ နေရာကို ဦးဝင်းမြင့်အား အစားထိုးခန့်အပ်ခဲ့သည်။

ယင်းအပြင် ပြည်ထောင်စုဝန်ကြီး တစ်ဦး၊ ဒုဝန်ကြီးတစ်ဦး ၊ ပြည်နယ်ဝန်ကြီးချုပ် နှစ်ဦး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး ခြောက်ဦးကို အပြောင်းအလဲပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ နှစ်သစ်ကူး မိန့်ခွန်းတွင် အစိုးရ အဖွဲ့ဝင်အတွင်း၌ အံမဝင်သူများကို အပြောင်းအလဲပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။

ပြည်ထောင်စုအဆင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်အား ခန့်အပ်မည်ဟု ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသော်လည်း မဇ္စျိမက အတည်ပြုနိုင်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required