ဖရန်ဆက်မက်ဒေါမန်၏ အသစ်စက်စက်အော်စကာဆုအား ခိုးယူခဲ့သူကို ဖမ်းဆီး

ဖရန်ဆက်မက်ဒေါမန်၏ အသစ်စက်စက်အော်စကာဆုအား ခိုးယူခဲ့သူကို ဖမ်းဆီး

 

အမေရိကန်နိုင်ငံ၌ တနင်္ဂနွေနေ့ကကျင်းပခဲ့သော အော်စကာဆုပေးပွဲ၌ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင် ဆုရရှိခဲ့သူ မင်းသမီးကြီး ဖရန်စက်မက်ဒေါမန်၏ အသစ်စက်စက်အော်စကာဆုအား ခိုးယူသွားခဲ့သည်ဟု သံသယရှိရသော တရားခံအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

မြို့တော်ဝန်၏ကပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသော အော်စကာရုပ်တု ပျောက်ဆုံးသွားခဲ့ပြီးနောက်တွင် တယ်ရီဘရိုင်းယန့်ဆိုသော အမျိုးသားတစ်ဦးအား ရုပ်တုခိုးယူခဲ့မှုနှင့်ပက်သက်၍ ဖမ်းဆီးခဲ့ရကြောင်း လော့စ်အိန်ဂျယ်လိစ်ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုခဲ့သည်။

အသက် ၄၇နှစ်အရွယ်ရှိ အဆိုပါအမျိုးသားကို ဒေါ်လာ ၂သောင်းဖြင့် အာမခံပေးထားပြီး မကြာမီတွင် တရားရုံး သို့သွားရောက်၍ အမှုရင်ဆိုင်ရမည်ဟု သိရသည်။

အော်စကာဆုကိုမူ မူရင်းပိုင်ရှင် မင်းသမီးကြီးထံသို့ ပြန်လည်ပေးအပ်ခဲ့ပြီးပြီဟု သိရသည်။

ဘရိုင်းယန့်သည် အော်စကာဆုပေးပွဲပြီးနောက်တွင် ပြုလုပ်သည့် မြို့တော်ဝန်၏ကပွဲအခမ်းအနားသို့ တရားဝင် တက်ရောက်ခွင့်လက်မှတ် ရရှိထားသူတစ်ဦးဖြစ်ကြောင်း လော့စ်အိန်ဂျယ်လိစ်ရဲတပ်ဖွဲ့က ဆိုခဲ့သည်။

မက်ဒေါမန်သည် အော်စကာရုပ်တုပေါ်တွင် သူမ၏နာမည်ကို ရေးထွင်းထားခဲ့သည့်အတွက် မည်သူ၏ရုပ်တု ပျောက်ဆုံးသွားခဲ့သည်ကို ချက်ချင်းသိရှိနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မက်ဒေါမန်သည် Three Billboards Outside Ebbing, Missouri ဆိုသော ဒရာမာဇာတ်ကားထဲ၌ သမီးလေး တစ်ဦး မုဒိမ်းကျင့်ခံရပြီး အသတ်ခံခဲ့ရသည့်ကိစ္စအတွက် အာဏာပိုင်များကိုစိတ်ပျက်နေပြီး လက်စားချေတုံ့ပြန် ရန် ကြိုးပမ်းနေသော မိခင်တစ်ဦးအဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့သည့်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

သူမသည် လွန်ခဲ့သော ၂၁နှစ်အကြာက Fargo ဆိုသောဇာတ်ကားနှင့် ပထမဦးဆုံးအကြိမ် အော်စကာဆုကို ဆွတ်ခူးခဲ့ပြီး ယခုအကြိမ်သည် သူမအတွက် ဒုတိယမြောက်အော်စကာဆု ရရှိခြင်းဖြစ်သည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required