မန္တလေးမှ NLD ကိုယ်စားလှယ်လောင်း၏ အယူခံ ပယ်ချခံရ

မန္တလေးမှ NLD ကိုယ်စားလှယ်လောင်း၏ အယူခံ ပယ်ချခံရ

မန္တလေး၊သြဂုတ် ၂၆ ။        ။ မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်  ပယ်ချခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  လွှတ်တော် ကိုယ်စားလှယ်လောင်းဒေါက်တာဝင်းမြင့် ကကော်မရှင်သို့ ထပ်မံ အယူခံ ဝင်ခဲ့ရာ ပယ်ချခံခဲ့ရသည်ဟု မန္တလေးတိုင်း ဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ အရာရှိ ဦးကျော်ကျော်က မဇ္ဈိမ ကိုပြောသည်။  

ဒေါက်တာ ဝင်းမြင့်ကို  တိုင်းဒေကြီးရွေးကောက်ပွဲ ကော်မတီက  သြဂုတ်လ ၂၆ ရက်တွင်  ပယ်ချ ခဲ့ခြင်းဖြစ် သည်ဟုလည်း  ဦးကျော်ကျော် က မဇ္ဈိမ ကိုပြောသည်။ ဦးကျော်ကျော် က  “ဘယ်လိုမှလက်ခံ လို့မရပါဘူး။ တိုင်းအဆင့်က နောက်ဆုံးအယူခံပဲ။ ဘယ်မှထပ်တက်လို့ မရတော့ပါဘူး။ “ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အား မန္တလေးခရိုင် ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်  ၁၈ ရက်တွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၁၀(င)ဖြင့်ငြိသည် ဟုဆိုကာပယ်ချလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေတွင် မွေးဖွားစဉ်က နိုင်ငံသား မဖြစ်သေးသော မိဘ တစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှ ဖြစ်စေ မွေးဖွားသည့် နိုင်ငံသားသည် ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက်ခံရခြင်း မရှိစေရဟု ပါဝင်သည်။   

ပယ်ချခံထားရသည့် NLD တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်၏ ရှေ့နေ ၊ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်း က “ဘာကိုနားလည်ရမှန်း မသိ တော့ဘူး။ ဒီအတိုင်းဆို သူတို့ပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ က မြောင်းထဲသွားတော့ပဲ။ “ဟု ပြောသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၈ ) ၊ ပုဒ်မ ၃၄၅ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသည်ဟု ပါဝင်သည်။

ထိုသို့ကိုယ်စားလှယ်လောင်းအား ပယ်ချရန်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကသာလျှင် အဖြေထုတ်ခွင့်ရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ ဆက်လက်တင်သွားမည်ဟု ဦးခင်မောင်သန်းက ဆိုသည်။

မန္တလေးမြို့မှ အသက် ၇၈ နှစ်အရွယ်ရှိ သမိုင်းသုတေသီ ဦးအောင်ကျော်မိုး က “ဖွဲ့စည်းပုံက သပ်သပ် ရွေးကောက်ပွဲဥပဒေက သပ်သပ်  ခွဲခြားသွားလို့မရဘူး။ ဒီလိုတွေ ဥပဒေကို တစ်မျိုးစီနဲ့ အမျိုးမျိုး လုပ်နေမယ်ဆိုရင်တော့ ရွေးကောက်ပွဲ ပိုပြီးစဉ်းစားစရာတွေဖြစ်နေလိမ့်မယ်။ “ဟု သုံးသပ် ပြောဆိုသည်။

မန္တလေးတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမည်မလိုသည့် တိုင်းပါတီဝင် တစ်ဦးကမူ “ကျွန်တော်တို့ပါတီက ပါလာရင်လည်း အခုလိုအပယ်ခံရမှာပဲ။ ဥပဒေကရှိနေတယ်လေ။ ဥပဒေ ကိုကျော်လို့တော့ မရဘူး။ “ဟုပြောသည်။

ကိုယ်စားလှယ်လောင်းပယ်ချခံရသည်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး NLD အဖွဲ့ချုပ်မှ တစ်စုံတစ်ရာ သုံးသပ်လိုခြင်း မရှိဟု တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly