အောင်လအင်ဆန်ကို KIO က ငွေကျပ်သိန်း ၂၀၀ ဂုဏ်ပြုချီးမြှင့်

အောင်လအင်ဆန်ကို KIO က ငွေကျပ်သိန်း ၂၀၀ ဂုဏ်ပြုချီးမြှင့်
ဓာတ်ပုံ - သက်ကို

 

ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။            ။ One Championship ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခု ပိုင်ဆိုင်သွားသူ မြန်မာနွယ်ဖွား  အောင်လ အင်ဆန်ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကျပ်သိန်း ၂၀၀  ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

 ဖေဖော်ဝါရီလ ၂၃ ရက်ညက အောင်လအင်ဆန်သည် ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါးကို ၅၆ စက္ကန့်အတွင်း အနိုင်ရယူခဲ့ပြီး One Champoinship ၏ Middileweight နှင့် Light Heavy weight တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ၂ ခုကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

 အောင်လအင်ဆန်ကို ကချင်အမျိုးသားများတွက် ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်သည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် KIO က ဂုဏ်ပြုလက်မှတ်ထုတ်ပြန်ထားသည်။

“ကျနော်တို့ ကချင်တိုင်းရင်းသားဆိုတော့ ဂုဏ်ယူတာပေါ့။ ကျနော်တို့ အဖွဲ့အစည်းကနေလည်း သူက ကချင်တိုင်းရင်းသား ဆိုတော့ ဂုဏ်ယူလို့ ဂုဏ်ပြုတာပေါ့”ဟု KIO မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

 မြန်မာ့စပါးကြီးမြွေဟု အမည်ပေးအပ်ခြင်းခံရသည့် အသက် ၃၂ နှစ်အရွယ် အောင်လန်အင်ဆန်းက အဆိုပါ ငွေ ကျပ် သိန်း၂၀၀ ကို ကချင်စစ်ဘေးရှောင်များသို့ လွဲအပ်ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

 သူ၏ မိသားစု၊ မြန်မာနိုင်ငံသားများ၏ အားပေးကူညီမှုကြောင့် အနိုင်ရခြင်း ဖြစ်ပြီး ပထမဦးစွာ ဝမ်းသာပြီး ဘုရားသခင်ကို ကျေးဇူးတင်ကြောင်းနှင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ကစားပွဲအပြီး အောင်လအင်ဆန်က သတင်းထောက်များကို ပြောဆိုခဲ့သည်။

 မြန်မာနိုင်ငံသားများအားလုံး စုပေါင်း လုပ်ကိုင်ပါက ဘာမဆို အောင်မြင်မည် ဖြစ်ကြောင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများကို ပြန်လည် ဖိတ်ခေါ်စေလိုကြောင်း အောင်လ အင်ဆန်က ထည့်သွင်းပြောဆိုခဲ့သည်။

 အောင်လ အင်ဆန်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လက ONE Championshiop (MMA) ပြိုင်ပွဲတွင် Alain Agalani (ကျားသစ်နက်)ကို ၂ မိနစ်ကျော်အတွင်း အနိုင်ရခဲ့သူ ဖြစ်သည်။

 ကချင်တိုင်းရင်သား အောင်လအင်ဆန်ကို MMA မစ်ဒယ်ဝိတ်တန်း ကမ္ထာ့ချန်ပီယံရွှေခါးပတ်ဆု ရရှိခဲ့စဉ်ကလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုလွာ ပေးအပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required