စာချုပ်သစ်မချုပ်ခြင်းမှာ ငွေကြေးကြောင့်မဟုတ်ဟု အမ်မရီကန် ဆို

စာချုပ်သစ်မချုပ်ခြင်းမှာ ငွေကြေးကြောင့်မဟုတ်ဟု အမ်မရီကန် ဆို

ဒီဇင်ဘာ ၁၊ အင်္ဂလန် ။            ။ လီဗာပူးလ်အသင်းနှင့် စာချုပ်သစ်မချုပ်ဆိုခြင်းမှာ ငွေကြေးကြောင့်မဟုတ်ကြောင်း ဂျာမနီကွင်းလယ်ကစားသမား အမ်မရီကန်က ပြောဆိုလိုက်သည်။

အမ်မရီကန်သည် ယခုနှစ်ရာသီအကုန်တွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ လီဗာပူးလ်အသင်းက ၎င်းကို စာချုပ်သစ်ကမ်းလှမ်းခဲ့သော်လည်း ကန်က လက်ရှိအချိန်အထိ ငြင်းပယ်ထားဆဲ ဖြစ်သည်။ ကန်သည် စီးရီးအေထိပ်သီးဂျူဗင်တပ်စ်အသင်းနှင့် အကြိုသဘောတူညီမှုရရှိပြီးဖြစ်သည်ဟု သတင်းများ ထွက်နေသည်။

Liverpool Echo က အမ်မရီကန်အား အနာဂတ်နှင့်ပတ်သက်ပြီးမေးမြန်းခဲ့ရာတွင် “ခင်ဗျားဘာဖြစ်လို့ ကျွန်တော့်ကို ဒီမေးခွန်းမေးတာလဲ။ အခုရာသီကိုပဲ အာရုံစိုက်ထားပါတယ်။ ကျန်တာကို ကျွန်တော့အေးဂျင့်က ဆောင်ရွက်ပါလိမ့်မယ်။ စာချုပ်သစ်ကို ငြင်းပယ်ထားတာက ငွေကြေးကြောင့်တော့ မဟုတ်ပါဘူး။ အခုအချိန်မှာ ကျွန်တော်ပြောနိုင်တာ ဒါပါပဲ။ အခြားနိုင်ငံက ကလပ်အသင်းတစ်သင်းနဲ့ နောက်လမှာ အကြိုစာချုပ် ချုပ်နိုင်သလို မနက်ဖန်မှာ လီဗာပူးလ်နဲ့လည်း စာချုပ်အသစ်ချုပ်နိုင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

အမ်မရီကန်နှင့်စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုမှာ ပျက်ပြယ်သွားပြီဆိုသည့်သတင်းများကိုမူ လီဗာပူးလ်အသင်းဘက်က ငြင်းဆိုထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required