အောက်တိုဘာလရဲ့ EPL တစ်လတာ အကောင်းဆုံးဆုတွေကို မန်စီးတီးအသင်းမှ ဂွာဒီယိုလာနှင့် ဆာနေးတို့ ဆွတ်ခူး

အောက်တိုဘာလရဲ့ EPL တစ်လတာ အကောင်းဆုံးဆုတွေကို မန်စီးတီးအသင်းမှ ဂွာဒီယိုလာနှင့် ဆာနေးတို့ ဆွတ်ခူး
(ဓာတ်ပုံ - EPL)

အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး နည်းပြဆုနှင့် ဘောလုံးသမားဆုကို မန်စီးတီးအသင်းမှ နည်းပြ ဂွာဒီယိုလာနှင့် တောင်ပံတိုက်စစ်ကစားသမား ဆာနေးတို့က ရရှိခဲ့ပြီး အကောင်းဆုံး သွင်းဂိုးဆုကိုတော့ ဆောက်သမ်တန်ကွင်းလယ်လူ ဘူဖယ်လက ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။

ဂွာဒီယိုလာဟာ အောက်တိုဘာလအတွက် အကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့တာကြောင့် နှစ်လဆက်တိုက် ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

၎င်းရဲ့ မန်စီးတီးအသင်းဟာ အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲစလုံး အနိုင်ရရှိခဲ့ပြီးနောက် သူဟာ ပိုချက်တီနို၊ အာဆင်ဝင်းဂါးနှင့် ရှောင်ဒိုက်ရှိတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလအတွင်း စတုတ်စီးတီး၊ ဘန်လေနှင့် ဝက်စ်ဘရွန်းတို့ကို အနိုင်ရရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

စပိန်နိုင်ငံသား နည်းပြ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို သုံးကြိမ်မြောက် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန်စီးတီးအသင်းရဲ့ ဂျာမန်လူငယ် တောင်ပံတိုက်စစ်ကစားသမား ဆာနေးမှာလည်း အောက်တို ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးသူ ဆာနေးဟာ စတုတ်စီးတီး၊ ဘန်လေ၊ ဝက်စ်ဘရွန်းအသင်းတို့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲများမှာ မန်စီးတီးအသင်းအတွက် သုံးဂိုး သွင်းယူခဲ့သလို ဂိုးဖန်တီးမှု သုံးကြိမ်ပြု လုပ်ခဲ့ပါတယ်။ 

အောက်တိုဘာလရဲ့ အကောင်းဆုံး သွင်းဂိုးဆုကိုမူ အသက် ၂၄ နှစ်အရွယ်ရှိ ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဘူဖယ်လ်က ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါသွင်းဂိုးမှာ ဆောက်သမ်တန်အသင်းက ဝက်စ်ဘရွန်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို လှလှပပ သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။

Ref; EPL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required