ဘရာဇီးရဲတပ်ဖွဲ့ရဲ့ မှားယွင်းပစ်ခတ်မှုကြောင့် စပိန်တိုးရစ်တစ်ဦး သေဆုံး

ဘရာဇီးရဲတပ်ဖွဲ့ရဲ့ မှားယွင်းပစ်ခတ်မှုကြောင့် စပိန်တိုးရစ်တစ်ဦး သေဆုံး

 

အောက်တိုဘာ ၂၄ ။                  ။ ဘရာဇီးနိုင်ငံက ဆင်းရဲသားအများစုနေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို လာရောက်လည်ပတ်တဲ့ စပိန်သူ ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးအား ဘရာဇီးရဲတပ်ဖွဲ့က မတော်တဆ မှားယွင်းပစ်ခတ်ခဲ့ မိတယ်လို့ သိရပါတယ်။ ရာဇဝတ်မှု ထူပြောတဲ့ အဆိုပါ ဆင်ခြေဖုံးရပ်ကွက်ထဲကို သွားရောက်လည်ပတ်ခဲ့မိတဲ့ စပိန်တိုးရစ်အမျိုးသမီးကတော့ ယခုလို ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။

ဘရာဇီးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရိုစင်ဟာအမည်ရ ဆင်ခြေဖုံးရပ်ကွက်မှာ ကားတစ်စီးက ရဲတပ်ဖွဲ့အတားအဆီးအကာအရံတွေကို ကျော်ဖြတ်ပြီးမောင်းလာတာကြောင့် ရဲတွေက ယင်းကားကို ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဆုံးမှာတော့ ကားထဲမှာပါလာတဲ့ စပိန်ခရီးသွားအမျိုးသမီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

"စစ်ဆေးကြည့်လိုက်တော့ ကားက ကမ္ဘာလှည့်ခရီးသွားတွေကို အကြိုအပို့လုပ်နေတဲ့ ကားဖြစ်နေတာကို တွေ့ခဲ့ရတယ်၊ ကားထဲမှာလည်း စပိန်အမျိုးသမီးတစ်ဦးကို ဒဏ်ရာတွေနဲ့ တွေ့ရလို့ သူ့ကို ဆေးရုံကို အမြန်ပို့ပေးခဲ့ပေမယ့် အသက်မမှီခဲ့ပါဘူး" ဆိုပြီး ဘရာဇီး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ယင်း မတော်တဆမှုဖြစ်စဉ်မတိုင်မီ အဆိုပါရပ်ကွက်ထဲမှာ မူးယစ်မှောင်ခိုအဖွဲ့ဝင်တစ်ချို့နဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားထားခဲ့ပြီး ရဲနှစ်ဦးနဲ့ သံသယရှိ မူးယစ်တရားခံတစ်ဦးတို့ ဒဏ်ရာရသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ထားခဲ့ပါသေးတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရပ်ကွက်ဧရိယာအတွင်း ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ဆောင်ရွက်မှုတွေလုပ်ဆောင်နေစဉ် ယခုလိုမျိုး စပိန်ခရီးသွားအမျိုးသမီး လိုက်ပါလာတဲ့ ကားကို မှားယွင်းပစ်ခတ်ခဲ့မှု   ပေါ်ပေါက်လာရခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ရိုစင်ဟာ အရပ်ဒေသမှာတော့ မူးယစ်ဂိုဏ်းတွေအကြား အပြန်အလှန် လက်နက်ကိုင်တိုက်ခိုက်မှုတွေ မကြာခဏဆိုသလိုပေါ်ပေါက်ထားခဲ့လို့  စက်တင်ဘာနဲ့ အောက်တိုဘာလ တို့မှာတော့ ဒေသမှာ ရဲတပ်ဖွဲ့နဲ့အတူ လက်နက်ကိုင်စစ်သားတွေကိုပါ တိုးမြှင့်ချထားပြီး လုံခြုံရေးတင်းကျပ်ဆောင်ရွက်နေလျက်ရှိပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required