ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူများကိုလက်ခံရာတွင် ငွေကျပ် (၂)ဘီလျံနှင့် အထက်ကုန်ကျမည်ဟုဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူများကိုလက်ခံရာတွင် ငွေကျပ် (၂)ဘီလျံနှင့် အထက်ကုန်ကျမည်ဟုဆို
photo - Prof Win Myat Aye facebook

 

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။                      ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး၊ တိမ်းရှောင်နေသူများကို စိစစ်ပြီး ပြန်လည်လက်ခံရာတွင် ငွေကျပ် ၂ ဘီလီယံနှင့် အထက်ကုန်ကျနိုင်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ တစ်ဦးဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

နေပြည်တော်တွင်ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏  တတိယအကြိမ်အစည်း အဝေးအပြီးတွင်မီဒီယာများကိုပြောဆိုခဲ့ခြင်းဖြစ်သည်။

“ အနည်းဆုံးတော့ ကျွန်တော်ထင်တယ် ၊၂ ဘီလီယမ်အထက်မှာတော့ရှိမယ်ထင်တယ်။ ရောက်ရောက်ချင်း ကုန်ကျမယ့်ကိစ္စလေ” ဟု ၎င်းကပြောသည်။

အဆိုပါ ၂ ဘီလီယံတွင် ပြန်လည်နေရာချထားမည့်နေရာ၊ အစားအသောက်နှင့် အဝတ်အထည်ထောက်ပံ့ပေးသည့်ကိစ္စတို့ ပါဝင်နိုင်ကြောင်း လည်း ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

သတ်မှတ်ချက်အနေဖြင့် ၁၉၉၃ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အခြေခံသဘောတူညီချက်အရပြန်လည် လက်ခံမည်ဖြစ်ပြီး မောင်တောခရိုင်အတွင်းရှိ ဒါးကြီးဇားကျေးရွာတွင်   နေရာချထားပေးရန် လတ်တလောလျာထားကြောင်းလည်း သိရသည်။

၁၉၉၃ခုနှစ် သဘောတူညီချက်အရ မြန်မာနိုင်ငံသို့ ပြန်လာလိုသူများသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် မွေးဖွားကြောင်း အထောက်အထားပြနိုင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေသူလည်း မဖြစ်ရဟု သိရသည်။

လတ်တလော ကုလသမဂ္ဂမှ စာရင်းများအရ ဘင်္ဂါလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ ၄ သိန်းကျော်ရှိသည်ဟု ပြောဆိုထားသော်လည်း မြန်မာအစိုးရဘက်မှ အဆိုပါစရင်းများနှင့် ပက်သက်ပြီးတစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။

အဆိုပါ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများကိစ္စ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ သွားရောက်မည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required