မင်္ဂလာဒုံရှိ ရေသန့် လုပ်ငန်း ၆ ခုကို FDA မှ ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

မင်္ဂလာဒုံရှိ ရေသန့် လုပ်ငန်း ၆ ခုကို FDA မှ ရက်အကန့်အသတ်မရှိ ပိတ်သိမ်း
ဓာတ်ပုံ-YGN FDA

မင်္ဂလာဒုံမြို့နယ်ရှိ ရေသန့်လုပ်ငန်း ၆ ခုအား FDA မှ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူလိုက်ကြောင်း သိရသည်။

ထောက်ခံချက်လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း(၃)ရုံ၊ စီစစ်ဆဲ(၂)ရုံနှင့် ထောက်ခံချက်ရရှိပြီးသက်တမ်း(၃)နှစ်ကုန်ဆုံးနေသော စက်ရုံ(၁)ရုံအား သြဂုတ်လ ၂၁ ရက်က FDA မှရှောင်တခင် စစ်ဆေးခဲ့ရာ ယင်းသို့ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

ပိတ်သိမ်းအရေးယူခဲ့သော သောက်ရေသန့်များမှာ ဝတီ၊ အာသီသ၊ ရူပါဦး၊ A 10 mile၊ Clever နှင့် Rex တံဆိပ်များဖြစ်သည်။

စစ်ဆေးခဲ့ပြီး စက်ရုံမှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှုမရှိသောကြောင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့သည့်အပြင် ထောက်ခံချက်ရရှိပြီး သက်တမ်း(၃)နှစ်ကုန်ဆုံးနေသော သောက်ရေသန့်လုပ်ငန်း(၁)ရုံအား ထပ်မံပိတ်သိမ်းအရေးယူခဲ့ပါသည်ဟု FDA မှထုတ်ပြန်ခဲ့သည်။

အဆိုပါ ပိတ်သိမ်းခံရသော အဆိုပါသောက်ရေသန့်အမှတ်တံဆိပ်များ ဈေးကွက်ထဲတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေခြင်းတွေ့ရှိပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-ရန်ကုန် (သို့) မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန)သို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရပြီး FDA မှ ဆက်လက်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိတွင် ထောက်ခံချက်မရှိသော သောက်ရေသန့်လုပ်ငန်းများအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ထောက်ခံချက်လျှောက်ထား၍ GMPနှင့်အညီ ကိုက်ညီမှသာ ပြန်လည် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်သည်။

စီစစ်ဆဲလုပ်ငန်းများနှင့် သက်တမ်းကုန်ဆုံးနေသော သောက်ရေသန့် လုပ်ငန်းတို့အနေဖြင့်လဲ ထောက်ခံချက်ရရှိပြီး၊ သက်တမ်းတိုးထောက်ခံချက်ရရှိပြီးမှသာ ထုတ်လုပ်ဖြန့်ဖြူးခွင့်ပြုမည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေသန့် ၁၃ ခုကို အရည်အသွေးမမီသောကြောင့် FDA မှ ထုတ်လုပ်ခွင့် ပိတ်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required