ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ ၂၅ ထက်မနည်း သေဆုံး

ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ ၂၅ ထက်မနည်း သေဆုံး

ဇူလိုင် ၂၅ ။                ။ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က လူစည်ကားရာစျေးတစ်ခုမှာ ဇူလိုင် ၂၄ ရက်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၅ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ယင်းဗုံးပေါက်ခွဲမှုဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြင်းထန်တဲ့ ယင်းပေါက်ကွဲမှုကြီးဟာ လာဟိုးမြို့ တောင်ပိုင်းက လူသွားလူလာများတဲ့ လမ်းမကြီးတစ်ခုမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အနီးအနားမှာရှိတဲ့ အဆောက်အအုံတွေက ပြတင်းပေါက်မှန်တွေကိုပါ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

" ကျွန်တော်တို့ တာလီဘန်အဖွဲ့က အသေခံဖောက်ခွဲရေးသမားတစ်ယောက်က ဆိုင်ကယ်ဗုံးတစ်လုံးနဲ့ ရဲတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့ပါတယ်" ဆိုပြီး ပါကစ္စတန် တာလီဘန် အဖွဲ့ TTP ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက် ခူရာဆာနီက ပြောခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်တွေအရ ယင်းဟာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်နိုင်ကြောင်း ဆိုထားပါတယ်။

" ကျွန်တော်တို့ လောလောဆယ် စုံစမ်းရမိသလောက်ကတော့ ဒါဟာ အသေခံ ဖောက်ခွဲရေးသမားတစ်ယောက် လက်ချက်လို့ ပြောလို့ရပါတယ်၊ ဆိုင်ကယ် ကို သုံးပြီး ဖောက်ခွဲသွားတာပါ" လို့ ပါကစ္စတန်ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဟိုင်ဒါ အရှရက်ဖ်က ပြောသွားပါတယ်။

အလားတူ သေဆုံးသွားသူအများစုဟာ ရဲဝန်ထမ်းတွေဖြစ်ကြတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး နီဆာ အလီခန်ကလည်း သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပပြီး ထုတ်ပြန်သွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required